(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ ဇူလိုင်လ (၃)ရက်
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများ တက်ရောက် ခဲ့ကြပါသည်။
ယနေ့အစည်းအဝေးတွင် မြားပစ်၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ဘိလိယက်/ စနူကာ၊ ဘိုးလင်း၊ ခြင်းလုံး၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး ၊ Kickboxing ၊ ပီတန်း ၊မွေ ၊ ပန်ကြပ်ဆီလပ်၊ လက်ဝှေ့၊ လှေလှော်၊ ရွက်လှေ ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စကိတ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ နပန်း၊ ဝူရှူး စသည့် အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၁၅၉) ရက်ခန့်သာရှိပြီး ပြင်ဆင်ချိန်အားဖြင့် (၅)လခန့်သာ ကျန်ရှိတော့ သည့်အတွက် အလွန်ပင်နီးကပ်နေပြီဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် အဖွဲ့ချုပ်အသီးသီး သို့ ကိုယ်တိုင်ကိုယ်ကျလိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ အားကစားအဖွဲ့များအနေဖြင့် လိုအပ်သည်များကို အချက်အလက် ခိုင်မာစွာဖြင့် တင်ပြကြရန်လိုကြောင်း၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များအလိုက် တာဝန်ရှိသူများ အနေဖြင့် အစည်းအဝေးတွင် နှုတ်ဖြင့်တင်ပြသည့် အချက်အလက်များအား အစည်းအဝေး ပြီးဆုံးချိန်၌ ရုံးစာဖြင့် တရားဝင်တင်ပြဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဩဂုတ်လ (၁)ရက်နေ့တွင် By Name ပေးပို့ ရမည်ဖြစ်သည့်အတွက် အားကစားအဖွဲ့များအနေဖြင့် ဇူလိုင်လ (၁၅)ရက်နေ့ နောက်ဆုံးထားကာ အပြီးသတ်လူရွေးချယ်ခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အပြီးသတ် လူရွေးချယ်ရေးများဆောင်ရွက်ရာတွင် အငြင်းပွားမှုများမရှိစေရေး၊ ဘက်လိုက်မှုကင်းစွာဖြင့် စွမ်းရည် ပြည့်ဝသော အားကစားသမားများကို မှန်မှန်ကန်ကန်ရွေးချယ်သွားနိုင်ရေး စနစ်တကျ ဆောင်ရွက် ကြရန်လိုကြောင်း၊ရွေးချယ်ခြင်းမခံရသည့် အားကစားသမားများအား ဆက်လက် စခန်းသွင်းလေ့ကျင့် ပေးသွားမည့် အစီအစဉ်များကို (၁၅.၇.၂၀၂၅) ရက်နေ့မတိုင်မီ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁/၂) ဌာနခွဲများသို့ မိတ္တူပေး ပို့ရန်လိုကြောင်း၊ အားကစားအဖွဲ့များအနေဖြင့် အောင်နိုင်ရေးကိစ္စရပ် များဆောင်ရွက်ရသည့်အပြင် ပြိုင်ပွဲသုံးပစ္စည်းများ အချိန်မီလက်ဝယ်ရရှိရေးကိစ္စရပ်များအတွက် လည်း ကြိုတင်ဆောင်ရွက်ထား ရန်လိုကြောင်း၊ အားကစားသမားများအင်အားပြည့်ဝစေရန်အတွက် တစ်နေ့လျှင် (၆)ခါ စတင် ကျွေးမွေးချိန်တွင် အလေအလွင့် မရှိစေဘဲ အားကစားသမားများ အကျိုးရှိ စွာစားသုံးနိုင်ရေးအတွက် ဝိုင်းဝန်းကြီးကြပ်ကြစေလိုကြောင်း၊ အားကစားသမားများ ဖျားနာခြင်းနှင့် လေ့ကျင့်ချိန်များ၌ ထိခိုက်မှုများမရှိစေရန် နည်းပြများမှ ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် လက်ရှိစခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများ၊ အောင်နိုင်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေး သုံးပစ္စည်းများ နှင့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများအချိန်မီရရှိရေးကိစ္စရပ်များ၊ By Name ပေးပို့ နိုင်ရေး အတွက် အပြီးသတ်လူရွေးချယ်ရေးကိစ္စရပ်များ၊ Test Match ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့်ကိစ္စရပ်များ၊ လေ့ကျင့်ဘက်ထားရှိမှုနှင့် နိုင်ငံခြားနည်းပြငှားရမ်းလေ့ကျင့်နေမှု အခြေအနေများ နှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွက် လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များ၊ အောင်မြင်မှုများရရှိစေရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ပြိုင်ပွဲတွင်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအပေါ်လိုအပ်ချက်များ အား အသေးစိတ်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။




