အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

Gold Camp ရှိ အိပ်ဆောင်များတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ နေထိုင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၃ ရက်

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်း၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစန်းချိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ငလျင်ဘေးသင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ နေထိုင်မှုများအဆင်ပြေစေရေးအတွက် ယာယီနေရာချထားပေးသည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster (6)ရှိ အိပ်ဆောင်များတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် Cluster များအလိုက် အဆောက်အဦများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ စုပေါင်းနေထိုင်နေမှုများ၊ အဆောက်အဦများအလိုက် အိမ်သုံးမီတာ တပ်ဆင်ထားရှိမှုအခြေအနေများနှင့် ရေလိုင်း၊ မီးလိုင်း သွယ်တန်းထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အဆောက်အဦ၌ နေထိုင်စဉ်ကာလတွင် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိနေထိုင်အသုံးပြုသည့် အဆောက်အဦတွင် ကျသင့်သည့် လျှပ်စစ်မီတာအခွန်နှင့် ရေမီတာအခွန်များကို အချိုးကျပေးဆောင်သွားရန် တာဝန်ရှိပါကြောင်း၊ မိမိနေထိုင်သည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် တိုက်တာဝန်ခံမှ ဦးစီး၍ အပတ်စဉ် သန့်ရှင်းရေးများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး စည်းစည်းလုံးလုံးဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ၍ နေထိုင်သွားကြရန်လိုကြောင်း၊ မိုးရာသီဖြစ်၍ ခြင်နှင့် ယင်ကောင်များ ပေါများသည့်အတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားအောင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ဆေးဖြန်း၊ ဆေးခတ်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး ဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။