အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၃၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အားကစားကွင်း/အားကစာရုံများ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ ဘောလုံးအားကစားကွင်းအားလည်းကောင်း၊ ဘောလုံးကွင်းပတ်လည် ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဂိုးတိုင်ပိုက်များ တပ်ဆင်ထားရှိမှုအခြေအနေများနှင့် ပွဲကြည့်စင်တို့အားလည်းကောင်း၊ ရေသုံးစွဲမှု အဆင်ပြေစေရေးအတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေများအားလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်းစိမ်းလန်းစိုပြေစေရေး၊ ရေရှည်တည်တံ့စေရေး၊ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရရှိစေရေးတို့အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အားကစားကွင်းသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အားကစားကွင်းအတွင်း ဆောက်လုပ်ရန် လျာထားသည့် ပွဲကြည့်စင်နှင့် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း တည်ဆောက်မည့် မြေနေရာများအား လည်းကောင်း၊ ဝန်ထမ်းအင်အားလိုအပ်မှုအခြေအနေ၊ ရေစင်တည်ဆောက်ထားရှိမှုအခြေအနေများ နှင့် ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေး၊ မြက်ဖြတ်ခြင်းနှင့် ရုံးသန့်စင်ခန်းပြုပြင်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များကို တင်ပြဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၊ ပွဲကြည့်စင်၊ အဆောက်အဦများတွင် ရေလုံလောက်စွာ ရရှိစေရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Transformer မီးလိုင်း သွယ်တန်းထားရှိမှု အခြေအနေများနှင့် အုတ်နံရံ ပြိုကျပျက်စီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် Synthetic ပြေးလမ်းအား ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက် လျာထားစီမံဆောင်ရွက်သွားရန်၊ အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးအတွက် ပုံမှန်သန့်ရှင်းရေးများ ပြုလုပ်ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးအတွက် ပေါင်းပင်နှင့် မြက်ကြမ်း များကို ရှင်းလင်းဖယ်ထုတ်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




