၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပီတန်းနှင့် လက်ဝှေ့အားကစားပြိုင်ပွဲ ကျင်းပ
နေပြည်တော်၊ ဇွန် ၂၆
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့် လျက်ရှိသည့် ပီတန်းနှင့် လက်ဝှေ့အားကစားနည်းများမှ အားကစားသမားများအား လက်ရည် ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပီတန်းအားကစားကွင်းနှင့် လက်ဝှေ့ အားကစားရုံတို့တွင် ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံပီတန်းအားကစားအဖွဲ့ချုပ် နာယက ဦးသိန်းဝင်းတို့နှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ ပီတန်းကွင်း၌ ကျင်းပသည့် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း (Single Event)ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) အငယ်တန်းပြိုင်ပွဲတွင် ပထမ မိုးမိုးဦး၊ ဒုတိယ သော်ဇင်သန့်၊ တတိယ မျိုးသီတာအေးနှင့် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp) အကြီးတန်းပြိုင်ပွဲတွင် ပထမ ခင်ချယ်ရီသက်၊ ဒုတိယ ဝင်းသူရိန်ထွန်း နှင့် တတိယ တင်တင်ဝေတို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများက ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံလက်ဝှေ့အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လက်ဝှေ့ လေ့ကျင့်ရေးရုံ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် လက်ဝှေ့ အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး (၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ပထမ ထားထားနွယ်(Gold Camp)နှင့် ဒုတိယ ကိမ်ရှင်းဒိတ်ဆန်(အား/လူငယ်) တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ပထမ ကိုကိုထွန်း(Gold Camp)နှင့် ဒုတိယ လင်းရောင်ခ(သုဝဏ္ဏလူငယ်)တို့ကို မြန်မာနိုင်ငံလက်ဝှေ့အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအောင်ကလည်းကောင်း၊ အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ပထမ အေးငြိမ်းထူး(အား/လူငယ်) နှင့် ဒုတိယ မြမိုးသူ(ပြည်ထဲရေး)တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ပထမ ဇင်ဘို (သုဝဏ္ဏလူငယ်)နှင့် ဒုတိယ လမင်းကိုကို(ပြည်ထဲရေး)တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်သူ/နည်းပြ များအား တွေ့ဆုံ၍ အားကစားသမားများ၏ ခံနိုင်ရည်အားနှင့် အားနည်းချက်/အားသာချက်များကို ပြန်လည်သုံးသပ်ပြီး သက်လုံပိုင်းများ ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် နည်းစနစ်ပိုင်းများ မှန်ကန်ပြီး ထိချက်များ တိကျစေရေးတို့အတွက် လိုအပ်သည်များကို ပြန်လည်ပြုပြင်လေ့ကျင့်သင်ကြားပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။





