အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အာရှဘောလုံးအဖွဲ့ချုပ် AFC Women’s Asian Cup Australia 2026 Qualifiers ပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇွန်လ (၂၆)ရက်

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အားကစား အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားသမားများ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး ၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားလာစေရေးနဲ့ အပြည်ပြည်ဆိုင်ရာတိုက်ကွမ်ဒိုပြိုင်ပွဲများမှာ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်မည့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပ ရခြင်းဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းဟာ ကိုယ်ခံပညာအားကစားနည်းတစ်ရပ်ဖြစ်တာနဲ့ အညီ စည်းကမ်းလိုက်နာမှု ၊ အမိန့်နာခံတတ်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုစသည့် လူ့ကျင့်ဝတ် သိက္ခာများကိုလည်း အထောက်အကူပြုနိုင်သည့်အပြင် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေတဲ့ အားကစားနည်းလည်းဖြစ်ပါကြောင်း ၊ တိုက်ကွမ်ဒိုအားကစားနည်းအနေဖြင့် ကမ္ဘာ့တိုက်ကွမ်ဒို အဖွဲ့ချုပ်ကကျင်းပပြုလုပ်တဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများနှင့် ၁၉၈၉ခုနှစ် ၊ (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ၂၀၂၃ခုနှစ် ၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ရွှေတံဆိပ် (၉၅)ခု၊ ငွေတံဆိပ်(၈၈)ခု၊ ကြေးတံဆိပ် (၂၁၀)ခု တို့ကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါကြောင်း၊ ယခုလာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ အောင်မြင်မှုရရှိစေဖို့အတွက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်အနေဖြင့် ဒီပြိုင်ပွဲကနေ ထွက်ပေါ် လာမယ့် မျိုးဆက်သစ်အားကစားသမားတွေကို စနစ်တကျရွေးချယ်လေ့ကျင့်ပျိုးထောင်ပေးသွားနိုင်ဖို့ လူရွေးချယ်ရေး စီမံချက်နဲ့ အောင်နိုင်ရေးစီမံချက်တွေကို ကြိုတင်ရေးဆွဲဆောင်ရွက်သွားကြဖို့လည်း လိုအပ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဒိုင်လူကြီးများရဲ့ မှန်ကန်တဲ့အဆုံးအဖြတ်ကို ကျေကျေနပ်နပ် အသိအမှတ်ပြုလက်ခံကြစေလိုကြောင်း၊ အားကစားသမားများအနေနဲ့ မိမိတို့ရဲ့ အစွမ်းအစအရည်အသွေးတွေကို အစွမ်းကုန်ဖော်ထုတ်ပြီး အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ အသန့်ရှင်းဆုံးပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ၂၀၂၅ခုနှစ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိ ပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အထက(၁) လသာကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆု ငွေကျပ်ငါးသိန်းအား ချီးမြှင့်ခဲ့ပြီးနောက် အမျိုးသားတစ်ဦးချင်းကကွက်ပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းအားကစားကွင်းသို့ ရောက်ရှိပြီး လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအားတာဝန်ရှိသူများကို လမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ အာရှဘောလုံးအဖွဲ့ချုပ် AFC Women’s Asian Cup Australia 2026 Qualifiers ပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး၌ ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်ချက်များအားမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။