အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဟော်ကီ၊ နပန်း၊ E.Sports အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
၁၈၉၄ခုနှစ် ၊ ဇွန်လ (၁၆)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ SORBONNE တက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ ခုနှစ် ၊ ဇွန်လ (၂၃)ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါအပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ စတင် ဖွဲ့စည်းသည့်ဇွန်လ (၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟုသတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင်းရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အိုလံပစ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်က (၀၈:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့သိမ်ဖြူ ဟော်ကီအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦခင်မောင်လတ်နှင့်အမှုဆောင် ဦးကျော်၀င်းတို့တက်ရောက်အားပေးခဲ့သည်။
အားကစားလှုပ်ရှားမှုအဖြစ် ဥဿာ လူငယ်အသင်းနှင့်သိမ်ဖြူလူငယ်အသင်းတို့ သရုပ်ပြယှဉ်ပြိုင်ကစားခဲ့ရာ ပွဲအပြီးတွင် ဥဿာ လူငယ်အသင်းအားဂုဏ်ပြုဆုဖလားနှင့် ဆုကြေးငွေ(၁)သိန်းကျပ်၊ သိမ်ဖြူလူငယ်အသင်းအား ဆုကြေးငွေ (၅၀၀၀၀)ကျပ်ချီးမြှင့်ပေးခဲ့သည်။
မြန်မာနိုင်ငံ နပန်းအားကစားအဖွဲ့ချုပ်မှပြိုင်ပွဲကို ယနေ့နံနက် က ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ ၊ နပန်းအားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် ၊ မြန်မာနိုင်ငံနပန်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာအောင်ကျော်ဆန်း ၊ ရန်ကုန်တိုင်းနပန်းဆပ်ကော်မတီဥက္ကဌ ဦးအာကာလွင်မောင် ၊ ဒုတိယဥက္ကဌဦးဇော်မင်းအောင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် နပန်း အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးပြီးနောက် ဆုရရှိသူများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ၊ ရန်ကုန်တိုင်း နပန်းဆပ်ကော်မတီဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူတို့က ပထမ ၊ ဒုတိယနှင့်တတိယဆု ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြန်မာနိုင်ငံ E-Sports အဖွဲ့ချုပ်က ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် ရှိ Time City ၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် E-Sports ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဌဒေါက်တာကောင်းမြတ်စံက ဆုရအားကစားသမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရှိရသည်။





