၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားနှင့် စခန်းဝင်အားကစားသမားများအတွက် Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန် ၂၃
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်(အမျိုးသား/အမျိုးသမီး) Recurve နှင့် Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အတိုးတက်ဆုံး အမျိုးသား/အမျိုးသမီး အားကစားသမားဆု၊ Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲနှင့် Recurve တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအတွက် နိုင်ငံတော်မှ အင်အားဖြည့် ကျွေးမွေးနိုင်ရန် ထပ်ဆောင်းတိုးမြှင့်ပေးသည့် ငွေအား အလေအလွင့် မရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုများရရှိစေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိကြောင်း၊ အားကစားသမားများ အင်အားပြည့်ဝစေရန်အတွက် တစ်ဦးလျှင် ၂၀၀၀ နှုန်းဖြင့် ထပ်ဆောင်းတိုးမြှင့်ပေးသည့်ငွေအား အလေ့အလွင့်မရှိစေရန် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များ၏ အစီအစဉ်ဖြင့် အင်အားပြည့် ကျွေးမွေးနေမှုများ၊ အားဆေးတိုက်ကျွေးနေမှု အခြေအနေများနှင့် အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ပြီးချိန်တွင် ကုန်ခမ်းသွားသည့် အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ရေးနှင့် လိုအပ်သည့် Sports Nutrition အာဟာရပိုင်းများ၊ အားကစားနည်းအလိုက် တိုက်ကျွေးရန်လိုအပ်မည့် အားဆေးများကို အသေးစိတ် ဆွေးနွေးတင်ပြပေးသွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက လက်ရှိ ကျွေးမွေးနေမှုအခြေအနေများနှင့် အာဟာရပြည့်ဝအောင် ထပ်မံကျွေးမွေးသင့်သည့် အစားအစာများ ကို အကြံပြုဆွေးနွေးတင်ပြပေးရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အားကစားနည်းအလိုက် အုပ်ချုပ်သူများနှင့် နည်းပြများက အားကစားနည်းအလိုက် လိုအပ်သည့်အာဟာရ၊ အားကစားသမား တစ်ဦး၏ တစ်နေ့တာလိုအပ်သည့် ကယ်လိုရီအရ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်များ၊ အသီးအနှံ များနှင့် အစားသောက်များကို ညီညွတ်မျှတစွာဖြင့် အလေအလွင့်မရှိဘဲ စနစ်တကျ ချက်ပြုတ် ကျွေးမွေးပေးနိုင်ရေးအတွက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







