အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် ရေကူးကန် ပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၁၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှုများအား ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)နှင့် ရေကူးကန် ရေပိုက်လိုင်းများနှင့် မီးလိုင်းများ၏ ထိခိုက်ပျက်စီးခဲ့မှုများအားလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၏ -2.8 Level ၊ မြေညီထပ်၊ ပထမထပ်နှင့် အထူးတန်းပွဲကြည့်စင်များ၏ Column တိုင်နှင့် Ground Beam & Tie Beam ပျက်စီးခဲ့မှုများအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ယာယီထောက်မမှုလုပ်ငန်း(temporary supporting work)များဆောင်ရွက်နေမှုများ အားလည်းကောင်း၊ Wall ၊ Column ၊ Beam များအား Plaster ခွာခြင်း၊ အုတ်နံရံ ဖြိုဖျက်ခြင်းနှင့် မျက်နှာကြက်များအား ဖျက်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း၊ မှန်အကာ နံရံများ၊ ပြူတင်း၊ တံခါးများ၊ Light Partition များနှင့် Tempered Glass Curtain Wall များ ဖြုတ်သိမ်းခြင်းလုပ်ငန်း၊ ကြမ်းခင်း Topping နှင့် ကြွေပြားများ ခွာထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု များအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးအား ဦးစားပေးဆောင်ရွက်ရန်နှင့် အဆောက်အဦ များအား သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်စေရန်၊ ရေရှည်တည်တံ့စေရန်နှင့် သတ်မှတ်အရည်အသွေး ပြည့်မီပြီး အမြန်ဆုံးပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်နှင့် နောက်ဆက်တွဲ ငလျင်ဒဏ်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ထပ်မံထိခိုက်ပျက်စီးခဲ့သည့် ရုံအတွင်းဘက် ပွဲကြည့်စင်ဘေးပတ်လည်နံရံ အက်ကွဲပျက်စီးနေမှုများနှင့် ရုံအပြင်ဘက် ယာဉ်ပတ်လမ်းများတွင် မြေကျွံပျက်စီးနေမှုများအားလည်းကောင်း ဝဏ္ဏသိဒ္ဓိရေကူးကန် ပွဲကြည့်စင်အပေါ်ဘက်နံရံများ၊ ရေကန်သို့ ရေတင်ခြင်းနှင့် ရေစုတ်ယူသည့် ပိုက်လိုင်းများ၊ မီးလိုင်း များ၊ ကလိုရင်းကန်နှင့် ပိုက်လိုင်းများ ပျက်စီးနေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး ပျက်စီးသည့်နေရာများအား တိတိကျကျသိရှိနိုင်ပြီး အမြန်ဆုံးပြုပြင်နိုင်ရန်အတွက် မီးလိုင်း၊ ရေလိုင်းများ ရရှိစေရေး ဦးစားပေးစစ်ဆေးဆောင်ရွက်သွားရန်နှင့် ရေကူးကန်အား အမြန်ဆုံး ပြန်လည် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည်များကို စနစ်တကျ တွက်ချက်၍ တင်ပြဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။