အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် Basha များနှင့် Prefabricated Offices များအား လိုက်လံကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် Basha တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် Prefabricated Offices တွင် ဝန်ထမ်းများ၏ ရုံးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) မိန်းဂိတ်ဝ ဘယ်/ညာရှိ (၂)ခန်းတွဲ (၄)ခန်းပါ Basha တည်ဆောက်ပြီးစီးမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ငလျင်ဘေးဒဏ်ကြောင့် လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့် သတ်မှတ်ထားသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ မိုးလုံလေလုံနေထိုင်နိုင်စေရန်၊ ချက်ပြုတ်မည့်နေရာများ၊ ရေ၊ မီး၊ မိလ္လာ သုံးစွဲမှုများ အဆင်ပြေစေရန်နှင့် အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်စေရေးတို့အတွက် စီစဉ်ဆောင်ရွက် ပေးသွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း၌ Prefabricated Offices များတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း/အားကစားရုံ ဌာနခွဲမှ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် လုပ်ငန်း တာဝန်ပေးအပ်ထားရှိမှု အခြေအနေများ၊ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ထမ်းဆောင်နေမှု များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအားလုံး ပညာဝမ်းစာပြည့်ဝအောင် အစဉ်အမြဲ ကြိုးစားလေ့လာနေရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်သွားရန်နှင့် အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ တင်ပြသွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




