အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော်၊ ဇွန် ၁၇
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အားကစားဥယျာဉ်အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် အားကစားနည်းများခွဲ၍ လက်ခံကျင်းပသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ ဂျူဒိုပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲအပြင်၊ အမျိုးသား/အမျိုးသမီး ဘောလုံးအုပ်စုပြိုင်ပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝ ဖြင့် မိမိတို့၏ အစွမ်းအစ အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ကိုယ်စားပြု ဝင်ရောက်ယဉ်ပြိုင်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် သန့်ရှင်းစွာပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ ပြည်သူလူထုအနေဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်မျိုးဆက်သစ် ဂျုဒိုအားကစားသမားများပေါ်ထွက်လာစေရေးနှင့် အားကစားကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရေး တို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအားကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ လူငယ်/လူရွယ် အများအပြား အလွယ်တကူ စိတ်ဝင်တစား လေ့ကျင့်ကစားနိုင်သည့် ကိုယ်ခံပညာရပ်ဖြစ်ပြီး ကိုယ်အလေးချိန်ဝိတ်တန်း တူညီသူများ အချင်းချင်း ယှဉ်ပြိုင်ကစားရသည့် အားကစားနည်း တစ်ရပ်လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်အနေဖြင့် ၁၉၆၅ ခုနှစ် (၃)ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ရွှေတံဆိပ်(၂၅)ခု၊ ငွေတံဆိပ်(၆၅)ခု၊ ကြေးတံဆိပ် (၇၉)ခု စုစုပေါင်း ဆုတံဆိပ် (၁၆၉)ခုတို့ကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုလာမည့် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ပြီး အောင်မြင်မှုများရရှိနိုင်စေရန်အတွက် ဂျပန်ဂျူဒိုနည်းပြဆရာ တစ်ဦးကိုလည်း နိုင်ငံတော်အစီအစဉ်ဖြင့် နှစ်ရှည်ငှားရမ်း၍ မြန်မာဂျူဒို အားကစားသမားများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ပဏာမလက်ရွေးစင် အားကစားသမား များနှင့် Judo In School အစီအစဉ်မှ ထွက်ပေါ်လာသည့် မျိုးဆက်သစ်အားကစားသမား လူငယ် များကို စုပေါင်း၍ အတွေ့ အကြုံများ ရရှိစေရန်အတွက် နိုင်ငံတကာနှင့် ဒေသတွင်းဖိတ်ခေါ်ပြိုင်ပွဲ များကိုလည်း စေလွှတ်၍ ယှဉ်ပြိုင်စေလျက်ရှိပါကြောင်း၊ နည်းစနစ်ကျွမ်းကျင်ပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ သတ္တိနှင့် အောင်နိုင်စိတ်များပြည့်ဝပြီး ဂျူဒိုအားကစားနည်းကို ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်းဖြင့် ကူရတ်၊ ဂျူဂျစ်ဆုနှင့် နပန်းအားကစားနည်းများကိုပါ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးများပါ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် လည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံ့ဂုဏ်သိက္ခာကျစေမည့် ပြုမူ ဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန် အထူးမှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နိုင်ငံတော်မှ အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ဆက်လက် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆို ခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ က ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများလိုက်ပါလျက် အားကစားဥယျာဉ်အတွင်းရှိ ဘောလုံးအားကစားကွင်းအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအားလည်းကောင်း၊ တိုင်းဒေသကြီး စားပွဲတင်တင်းနစ်အားကစားရုံနှင့် အားကစားခန်းမတို့အားလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ပြေးခုန်ပစ် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် Synthetic ပြေးလမ်းခင်းကျင်းဆောင်ရွက်နိုင်ရန်နှင့် အားကစားကွင်း/အားကစားရုံ အဆောက်အဦ များ ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဘောလုံးအားကစားကွင်း စိမ်းလန်း စိုပြေစေရေးတို့အတွက် သန့်ရှင်းရေးများ ပုံမှန်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။







