မြန်မာ့လက်ရွေးစင်ပဏာမ (က)-(ခ)အသင်းတို့နှင့် ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ညွန့်ပေါင်းလက်ရွေးစင် (က)-(ခ) အသင်းတို့၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာဘော်လီဘောအသင်းအောင်မြင်စွာပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပပြုလုပ်သည့် မြန်မာ့လက်ရွေးစင်ပဏာမ (က)-(ခ)အသင်းတို့နှင့် ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ညွန့်ပေါင်းလက်ရွေးစင် (က)-(ခ) အသင်းတို့၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၆း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲနိုင် ၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော ဒေါ်ကြည်ကြည်အေးနှင့် ဒေါ်ဖြူဖြူဇော် ၊ ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းကျော် ၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းဟန် ၊ ပြည်နယ်ဆပ်ကော်မတီဝင်များ နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းသား/ကျောင်းသူများ၊ ဆုရအသင်းများမှ အုပ်ချုပ်သူ / နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ဘော်လီဘောအားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွန်းလွဲ (၁၃:၀၀)နာရီအချိန်၌ တတိယလုပွဲစဥ်အဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန့်ပေါင်း(က)အသင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန့်ပေါင်း(ခ)အသင်းတို့၏ ယှဥ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ အဆိုပါပွဲစဥ်၌ တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန့်ပေါင်း(က)အသင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန့်ပေါင်း(ခ)အသင်းကို (၃)ပွဲ ၊ (၁)ပွဲပြတ်ဖြင့်လည်းကောင်း ၊ ဆက်လက်ပြီး ညနေ (၁၆:၀၀)နာရီအချိန်၌ ဗိုလ်လုပွဲစဥ်အဖြစ် မြန်မာ့လက်ရွေးစင်ပဏာမ(က)အသင်း နှင့် မြန်မာ့လက်ရွေးစင်ပဏာမ(ခ)အသင်းတို့၏ ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ပထမဆုရရှိသည့် မြန်မာ့လက်ရွေးစင်ပဏာမ(က)အသင်း၊ ဒုတိယဆုရရှိသည့် မြန်မာ့လက်ရွေးစင်ပဏာမ(ခ)အသင်း၊ တတိယဆုရရှိခဲ့သည့် ၂၀၂၅ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ညွန့်ပေါင်း(ခ)အသင်း ၊ စတုတ္ထဆုရရှိခဲ့သည့် ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ညွန့်ပေါင်း(က)အသင်းတို့အားလည်းကောင်း၊ ပြိုင်ပွဲတွင်စပေး/ပင့်ထောင်/ရိုက်ခုတ်/ဆယ်မ/ပိတ်ဆို့အကောင်းဆုံးဆုရရှိခဲ့ကြသော အားကစားသမားများနှင့် ပြိုင်ပွဲတွင်ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများနှင့် တာဝန်ယူဆောင်ရွက်ပေးခဲ့သော ဒိုင်အဖွဲ့တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းစီအား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါကြောင်းသိရှိရကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။


