အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံပြီး အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇွန်လ (၁၅)ရက်

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှု များရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၀၈ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဘဏ္ဍာရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ အစည်းအဝေးပထမပိုင်းအဖြစ် နံနက်ပိုင်းတွင် လှေလှော်၊ ပီတန်း၊ မွေ ၊ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ပန်ကြပ်ဆီလပ်၊ လက်ဝှေ့၊ ခရစ်ကက်၊ E-Sports ၊ ကရာတေး ၊ မြားပစ်၊ ဘောလုံး(အမျိုးသား/အမျိုးသမီး) / ဖူဆယ် ၊ ဘိလိယက်/စနူကာ ၊ ခြင်းလုံး ၊ ဝူရှူး ၊ အလေးမ၊ ဂျူဒို၊ နပန်း ၊ တိုက်ကွမ်ဒို ၊ စစ်တုရင် ၊ ပိုက်ကျော်ြခင်း အားကစားအဖွဲ့ချုပ်များ ၊ အစည်းအဝေး ဒုတိယပိုင်း အဖြစ် မွန်းလွဲပိုင်းတွင် မြင်းစီး၊ စားပွဲတင်တင်းနစ်၊ ဟော်ကီ၊ ကြက်တောင်၊ ဘိုးလင်း၊ Squash ၊ ရွက်လှေ၊ ဂျူဂျစ်ဆု ၊ Kickboxing ၊ Kabaddi ၊ ဘတ်စကက်ဘော၊ စကိတ်၊ စက်ဘီး၊ ကျွမ်းဘား၊ ရေကူး၊ ဂေါက်သီး၊ Tug of War (Demonstration Sport) ၊ ဘော်လီဘော၊ တင်းနစ်၊ Teqball အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် (၃၃) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးနှင့် ပတ်သက်၍ (၁၂.၆.၂၀၂၅ ) ရက်နေ့မှ (၁၃.၆.၂၀၂၅) ရက်နေ့ အထိကျင်းပပြုလုပ်ခဲ့သည့် SEAGF Council Meeting အစည်းအဝေး သို့ တက်ရောက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ပြန်လည်အသိပေးပြောကြားခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ မြို့(၄)မြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲသို့စနစ်တကျ ပါဝင်ယှဉ်ပြိုင် နိုင်ရေး၊ အောင်မြင်မှု ဆုတံဆိပ်များရရှိနိုင်ရေး၊ ပြိုင်ပွဲကြီးနှင့် စပ်လျဉ်းသည့် အုပ်ချုပ်မှုဆိုင်ရာများ ၊ ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၊ ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/ အားကစား ရုံကိစ္စရပ်များ၊ By Name ပေးပို့နိုင်ရေးကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပနိုင်ရေးကိစ္စရပ်များ၊ (၃၄)ကြိမ်မြောက်နှင့် (၃၅)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲများသို့ ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရေးများ ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများအား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပပြုလုပ်ရန် ရက်ပေါင်း(၁၇၈)ရက်သာ ကျန်ရှိတော့သည့်အတွက် ပြိုင်ပွဲသို့ စနစ်တကျဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးတို့ကို အဖွဲ့ချုပ်များမှ ပိုမိုကြိုးစားဆောင်ရွက်ပေးရန်၊ ပြိုင်ပွဲနှင့်ပတ်သတ်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ကြိုတင်၍ အသိပေးတင်ပြ ဆောင်ရွက်ရန်၊ အားကစားသမားများနှင့် ပတ်သတ်သည့် အချက်အလက်များအား မှန်ကန်တိကျစွာ ဆောင်ရွက်ပေးရန်၊ပြိုင်ပွဲအထောက်အကူပြုပစ္စည်း ရရှိနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားရာတွင် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချွန်ဘူရီမြို့ နှင့် ဆွန်ဂလာမြို့တို့တွင် ကျင်းပပြုလုပ်မည့် အားကစားကွင်း/ အားကစားရုံများ၏ တည်နေရာများ၊ စားသောက်ရေး၊ နေထိုင်‌ရေး၊ သွား/လာရေးကိစ္စရပ်များ၊ Technical Hand Book ရရှိထားမှု အခြေအနေများ၊ By Name ပေးပို့နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများ၊ သွားရောက်ယှဉ်ပြိုင်မည့် Event အမျိုးအစားများ၊ အားကစားသမားအရေအတွက်များနှင့် မိမိတို့အားကစားနည်းများမှ ဆုတံဆိပ်ရရှိနိုင်မှုအခြေအနေများ၊ ဒိုင်/ဂျူရီတာဝန်ထမ်းဆောင်မှုများ၊ စခန်းသွင်းအားကစားသမားများအတွက် အင်အားဖြည့် စားသောက်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံးအားကစားပစ္စည်းများရရှိမှု အခြေအနေများ၊ နည်းပြများ ငှားရမ်းနိုင်ရေးကိစ္စရပ်များ၊ အားကစားကွင်းနှင့် ရုံးခန်းအဆင်ပြေစေရေးကိစ္စရပ်များ၊ G to G ပူးတွဲ သွားရောက်လေ့ကျင့်မှုများ၊ ပြည်ပနိုင်ငံများသို့ Joint Training ပူးတွဲ သွားရောက်လေ့ကျင့်နိုင်ရေး ကိစ္စရပ်များ၊ ပြည်တွင်း/ ပြည်ပဖိတ်ခေါပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရေးနှင့် သွားရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များ၊ အားကစားသမားရွေးချယ်မှုများ၊ အားကစားသမားများ၏ အမည်စာရင်းများပေးပို့နိုင်ရေးကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပနိုင်ရေးကိစ္စရပ်များနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြဆွေနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးချက်များအပေါ်ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်စိမ်းခန်းမ၌ အာခီဒို (Akido) အားကစားအဖွဲ့နှင့်တွေ့ဆုံပြီး အာခီဒို (Akido) အားကစားနည်းအား ပြည်သူအများသိရှိလာ၍ စိတ်ဝင်စားစွာကစားလာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အာခီဒို (Akido) အားကစားအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းသို့ရောက်ရှိရာ တာဝန်ရှိ ပုဂ္ဂိုလ်တို့က ကြိုဆိုကြပြီး ပဒေသာအားကစားခန်းမ၌ အာခီဒို(Akido) အားကစားသမားများ သရုပ်ပြသကစားနေမှုကို ကြည့်ရှုအားပေးပြီးနောက် ၂၀၂၅ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဖလားမြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး သေနတ်ပစ်ကွင်းပတ်လမ်း၊ (၁၄)ခန်း တွဲအိပ်ဆောင်၊ အားကစားသမားအိပ်ဆောင်တို့အား ကြည့်ရှုစစ်ဆေး၍ ရေစီးရေလာကောင်းမွန်စေရန်၊ သွား/လာရေး အဆင်ပြေစေရန်အတွက် သေနတ်ပစ်ကွင်းအတွင်းရှိလမ်းများ မြှင့်တင်နိုင်ရေးကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဘက်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူတို့အား လမ်းညွှန်မှာကြားပြီးနောက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်း၊ အားကစားပြိုင်ပွဲအလိုက် စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင် အားကစားသမားများ လေ့ကျင့်ပစ်ခတ်နေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ Squash အားကစားရုံသို့ရောက်ရှိပြီး Squash အားကစားနည်းသရုပ်ပြသကစားမှုအား ကြည့်ရှုစစ်ဆေးပြီးနောက်မြန်မာနိုင်ငံ Teqball အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမ သို့ရောက်ရှိ၍ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။