အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်၊ ဇွန်လ (၈)ရက် ။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်သို့ရောက်ရှိရာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များကကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာ၌ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရာတွင် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်၊ ရွက်လှေ အားကစားနည်းတွင် အသက်အငယ်ဆုံးမှစတင်၍ ကစားနိုင်သည့် အားကစားနည်းဖြစ်သည့်အပြင် စိတ်ဓာတ်၊စည်းကမ်း၊ စွမ်းအားများရှိသည့် အဖွဲ့ချုပ်ဖြစ်သည့်အတွက်များစွာအားထားရပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာဆပ်ကော်မတီနှင့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင် အားကစားသမားများအားလုံးဝိုင်းဝန်းစုပေါင်းကြိုးစားဆောင်ရွက်ကြပါက အောင်မြင်မှုရလဒ်များ ရရှိနိုင်မှာဖြစ်ကြောင်း၊နိုင်ငံအလိုက်အဆင့်တွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မြင့်မားပြီး အောင်မြင်မှု ဆုတံဆိပ်များရရှိ၍ ပိတ်ပွဲအခမ်းအနား၌မြန်မာနိုင်ငံ၏အလံကို နိုင်ငံတကာအလယ်တွင် လွှင့်ထူ နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဌဦးမိုးမြင့်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမောင်ဝင်း မှ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဌ က (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲရွက်လှေ Keelboat SSL 47 Class ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဒုတိယဥက္ကဌက 6th OCA Athletes Forum သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အမည်စာရင်းရွေးချယ်ထားခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြပြီး အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့မှ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ရှိ မြေနေရာနှင့် လှေဆောက်လုပ်သည့် မိုရုံတို့ အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်ရှိ နဝရတ်အားကစားကွင်းသို့ ရောက်ရှိရာ ဘောလုံးကွင်းအား ကြည့်ရှုူစစ်ဆေး၍ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်များအား အဆင့်မြှင့်တင်၍ ရေရှည်တည်တံ့ကောင်းမွန်စေရန် ၊ မိမိ အားကစားကွင်းအား အမြဲသန့်ရှင်းသပ်ရပ်၍ ပိုမိုကောင်းမွန်စေရေးအတွက် ကြိုးစားဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ရွှေပြည်သာမြို့နယ် လက်ရွေးစင် မြန်မာ့သိုင်းအားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ ပြီးနောက် ဘောလုံးကွင်းနှင့် မြေနေရာများ၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနရှိ အားကစားရုံ ၊ ဘောလုံးကွင်း ၊ရေစင် နှင့် မြေနေရာတို့အား ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။