အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဂျူဒို၊ အလေးမနှင့် လက်ဝှေ့အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)တို့မှ ဂျူဒို၊ အလေးမနှင့် လက်ဝှေ့အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးရုံ၌ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)မှ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဒေသဆိုင်ရာအားကစား ပြိုင်ပွဲများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ သက်တမ်းအလိုက် လူသစ်တန်းနှင့် အသက်(၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခုနှင့် ကြေးတံဆိပ်(၁)ခု၊ စုစုပေါင်း ဆုတံဆိပ်(၉)ခု ဆွတ်ခူးရရှိခဲ့ကြသော လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများအား ဂုဏ်ပြုဆုကြေးငွေများ ပေးအပ်ချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ကြေးတံဆိပ်ဆု ရရှိခဲ့သည့် (-၇၃)ကီလိုတန်းပြိုင်ပွဲမှ မောင်သက်ထွန်းဦးကို အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ ငွေတံဆိပ်ဆုများရရှိခဲ့ကြသည့် အမျိုးသား ခတ္တ(၂)ယောက်တွဲပြိုင်ပွဲမှ မောင်အောင်ဆက်ပိုင်နှင့် မောင်လှိုင်ဖြိုး၊ အမျိုးသမီး (-၆၃)ကီလိုတန်း ပြိုင်ပွဲမှ မနန်းနုနုခေါင်၊ အမျိုးသား/အမျိုးသမီး (-၇၃)ကီလိုတန်းပြိုင်ပွဲများမှ မောင်အောင်ပိုင်ခန့် နှင့် မအေးမြသံစဉ်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လည်းကောင်း၊ ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် (-၆၃)ကီလိုတန်းပြိုင်ပွဲမှ မနော်မြတ်နိုးရွှေစင်၊ (-၇၃)ကီလိုတန်း ပြိုင်ပွဲမှ မောင်ကျော်ရွှေ၊ (-၆၆)ကီလိုတန်းပြိုင်ပွဲမှ မောင်လှိုင်ဖြိုး၊ (-၆၀)ကီလိုတန်းပြိုင်ပွဲမှ မောင်အောင်ဆက်ပိုင်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဂုဏ်ပြုဆုကြေးငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသည့် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) တို့မှ အလေးမအားကစားသမားများနှင့် လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ” စိတ်ဓာတ်သည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားသမားကောင်းတစ်ဦးဖြစ်ရန် စိတ်ဓာတ်သည် အရေးကြီးကြောင်း၊ အောင်မြင်မှုအခြေခံဖြစ်သည့် “ စ” (၇)လုံးဆောင်ရန်ဆိုသည့်အတိုင်း စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်း၊ စံနှုန်းများနှင့် ပြည့်စုံသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုများအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် အားကစားသမားများဖြစ်သည့် အတွက် ဖြတ်ထိုးဉာဏ်၊ လျင်မြန်ဖြတ်လတ်မှုနှင့် အမြင်အာရုံစူးရှထက်မြက်မှုရှိရန်လိုကြောင်း၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ (၃)ဦး (၃)ဖလှယ် မျှမျှတတ တာဝန်ကိုယ်စီ ကျေပွန်မှသာ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ခေတ္တမေ့ထားပြီး နိုင်ငံ့အတွက် ဦးတည်ချက်၊ ရည်မှန်းချက်များ ထားရှိ၍ အကောင်းဆုံးကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ နေထိုင်စားသောက်မှုများနှင့် လေ့ကျင့်မှုများတွင် အခက်အခဲများရှိပါက နည်းပြ/အုပ်ချုပ်သူများထံ သတင်းပို့တင်ပြသွားရန် မှာကြားခဲ့ပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







