အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် Basha များနှင့် Prefabricated Offices များ တည်ဆောက်တပ်ဆင်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ နေထိုင်မှု အဆင်ပြေစေရန် နှင့် ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Basha များနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း၌ Prefabricated Offices များ တည်ဆောက်တပ်ဆင်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ နေထိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် တည်ဆောက်ထားသည့် (၂)ခန်းတွဲ (၄)ခန်းပါ Basha တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး၊ အရည်အသွေး ကောင်းမွန်စေရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေး၊ ရေ၊ မီး၊ မိလ္လာ သုံးစွဲရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဦးစားပေးဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်နိုင်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း Prefabricated Offices များ တည်ဆောက်တပ်ဆင်ပြီးစီးမှု အခြေအနေများနှင့် အားကစားကွင်း/အားကစားရုံဌာနခွဲမှ ဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ အချိန်မီ တင်ပြပေးပို့နိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြရန်လိုကြောင်း၊ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။