အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာသိပွံ(ရန်ကုန်) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပွံ(ရန်ကုန်) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၈ : ၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ် ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူများ က “ရန်ကုန် အားကစားသိပ္ပံ ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ကို တက်ရောက် သင်ကြား ကြမည့် လူငယ်မောင်/မယ်များအနေဖြင့် လေ့ကျင့်ရေးလုပ်ငန်း စဉ်များနဲ့ ပတ်သက်ပြီး နည်းစနစ်ပိုင်း ၊ စံချိန်စံညွှန်းအပိုင်းများကို အထူးဂရုစိုက်ပြီး စနစ်တကျ ကြိုးစားဆောင်ရွက်ကြရန် အားကစား နှင့်ပညာရေးပေါင်းစပ်ပြီး ဖွင့်လှစ်သည့် ကျောင်းဖြစ်သည်နှင့်အညီ အားကစားရော ပညာရေးပါ ထူးချွန်ထက်မြက်သော သူများဖြစ်အောင်ကြိုးစားကြရန်လိုကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ပညာသင်နှစ်မှ အားကစားနည်း(၁၇)နည်းကို သင်တန်းသား/သင်တန်းသူ (၂၀၅)ဦးဖြင့် လေ့ကျင့်သင်ကြား ပေးသွားမှာ ဖြစ်သည့်အတွက် ဒီသင်တန်းကိုတက်ရောက်ကြမည့် အားကစားသမား လူငယ်မောင်/မယ်များအနေနဲ့ ထူးချွန်ပြီး နိုင်ငံကိုယ်စားပြု လက်ရွေးစင်အားကစားသမားများ ဖြစ်ပေါ် လာအောင် စွမ်းအားပြည့် ကြိုးစားကြရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆) ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည့် အထဲမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့တဲ့ ကျောင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမြောက်အများ မွေးထုတ်ပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ များစွာ ဂုဏ်ယူဝမ်းမြောက် မိ ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်း မှ အမှာစကား ပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သွေးသစ်လောင်းနိုင်မည့် ထူးချွန် ထက်မြက်သည့်လူငယ်မျိုးဆက်သစ်အားကစားသမားများစဉ်ဆက်မပြတ်ထွက်ပေါ်လာစေ ရေးအတွက် ၁၉၉၇-၁၉၉၈ ပညာသင်နှစ်မှ ယခုပညာသင်နှစ်အထိ ဖွင့်လှစ်ခဲ့တာ (၂၈)နှစ်ပြည့်မြောက် ပြီ ဖြစ်ပါကြောင်း၊ နည်းပြများအနေနဲ့ မိမိအားကစားသမားများကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်အောင် အနီးကပ်သင်ကြားပြသပေးနေသူများဖြစ်သည့်အတွက် အားကစားသမားများ၏ ယုံကြည်အားထားလေးစားမှုရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းအပြင် ပြုမူပြောဆို နေထိုင် သွားလာမှု များမှာလည်း စံနမူနာပြ ကျင့်ကြံနေထိုင်သွားကြရန်အထူးလိုအပ်ပါကြောင်း၊ တပည့်များအနေနဲ့လည်း ဆရာများရဲ့ သင်ကြားပြသဆိုဆုံးမမှုများကို မြေဝယ်မကျ နားထောင်ပြီး ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်များ ဖြစ်အောင် ကြိုးစားကြပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မယ့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားတွေဖြစ်အောင် စိတ်ဓာတ် ၊ စည်းကမ်းကောင်းမွန်စွာနဲ့ စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက် ကြ ရမှာဖြစ်ကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး အထက်တန်းကျောင်းများဟာ ပြင်ပ အထက်အတန်းကျောင်းများနှင့်မတူဘဲအားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် သင်ကြားပေး ရတာဖြစ်သည့်အတွက် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ အနေနှင့် ကျောင်းရဲ့ သဘောသဘာဝကို နားလည်ပြီး ကျောင်းသား/ကျောင်းသူများရဲ့ ပညာရေးတိုးတက်ဖို့ အတွက် ဝါသနာ၊ စေတနာ၊ အနစ်နာ အရင်းခံ၍ ဆရာ့ဝတ်နှင့်အညီ ပြုစုပျိုးထောင်ပေးကြပါလို့ ပြောကြား ခဲ့ပါသည်။

ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ ငွေကျပ်သိန်း(၁၀၀)နှင့် သင်တန်းသား/သင်တန်းသူ (၂၀၅)ဦးအတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၂၀၀)တို့အားပေးအပ်လှူဒါန်းရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ၊ အားကစားနှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး နှင့် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းတို့က လက်ခံရယူခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် အလှူရှင်အသီးသီးတို့မှ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း(၉၃၀) ၊ ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ခဲသား/ခဲဆံ ဒါဇင်(၂၀၀)နှင့် ဗိုဗီနမ်ဝတ်စုံ(၁၁)စုံ တို့အား ပေးအပ်လှူဒါန်းခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများကအသီးသီးလက်ခံရ ယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ များပြန်လည်ပေးအပ်ခဲ့ပါသည်။

ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူများက ဗိုဗီနမ် ၊ တိုက်ကွမ်ဒို၊ ဝူရှူး အားကစားနည်းများဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ကြပြီးနောက် တက်ရောက်လာသော အကြီးအကဲများ၊ အလှူရှင်များနှင့် သင်တန်းသား/သင်တန်းသူများ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ က သင်တန်းသား/သင်တန်းသူများ အားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက်ခင်း ကျင်းပြသထားသော အားကစားအထောက်အကူပြုပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။