အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့၊ အလေးမနှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၂၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများ အနက်မှ လက်ဝှေ့၊ အလေးမ နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အားကစားကွင်း/အားကစားရုံအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့အားကစားသမားများနှင့် အလေးမ အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိမြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အားကစား၏အခြေခံဖြစ်သော ကိုယ်ခန္ဓာ အချိုးအစားကြံ့ခိုင်စေရေး၊ နည်းစနစ်များကျွမ်းကျင်စေရေး၊ လျင်မြန်ဖျတ်လက်မှုရှိစေရေး၊ ခွန်အား ပြည့်ဝသန်မာစေရေး၊ အကင်းပါးမှုရှိရှိဖြင့်ယှဉ်ပြိုင်ကစားနိုင်စေရေး၊ သက်လုံကောင်းမွန်စေရေး၊ စိတ်ဓာတ်အားဖြင့် ကြံ့ခိုင်ပြီး အောင်စိတ်၊ နိုင်စိတ် မွေးမြူနိုင်စေရေးတို့အတွက် နည်းပြများအနေဖြင့် စနစ်တကျ ကြပ်မတ်လေ့ကျင့်ပေးရေးမှာကြားခဲ့သည်။ ထို့အပြင် လေ့ကျင့်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများ ကောင်းမွန်စေရေး၊ လေ့ကျင့်ရေးသုံးပစ္စည်းများ ပြည့်စုံစေရေး ရာသီဥတု နှင့်အညီ စားသောက်ရေး၊ နေထိုင်ရေး၊ သောက်ရေ၊ သုံးရေ အခက်အခဲများနှင့် လေ့ကျင့်မှုပိုင်းဆိုင်ရာ အခက်အခဲများအား အဆင်ပြေချောမွေ့စေရေးအတွက် အားကစားသမားများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် အားကစားကွင်း/ အားကစားရုံ ကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။