အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဌာနခွဲများအလိုက် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပီတန်းနှင့် ဂျူဒိုအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မိုးလုံလေလုံ တင်းနစ်အားကစားရုံနှင့် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဌာနခွဲများအလိုက် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာန ဌာနခွဲများအလိုက် ဝန်ထမ်းများ၏ ပုံမှန်ရုံးချိန်အတိုင်း ရုံးတက်ရောက်မှုအခြေအနေများ၊ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် သတ်မှတ်ဝတ်စုံများအား စနစ်တကျ ဝတ်ဆင်ထားမှုရှိစေရေးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သင်္ကြန်ရုံး ပိတ်ရက်ကာလရှည်တွင် အနားယူပြီးပြီဖြစ်သည့်အတွက် ယခုရုံးပြန်ဖွင့်သည့်အချိန်မှစ၍ မိမိတို့အား ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန်နှင့် ဌာနခွဲများအလိုက် ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ရမည့် ရုံးလုပ်ငန်းကိစ္စရပ်များကို ဦးစီးတာဝန်နှင့်အညီ အချိန်မီ တင်ပြပေးပို့နိုင်ရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားအဖွဲ့နှင့် ဂျူဒိုအားကစားအဖွဲ့များ၏ လေ့ကျင့် နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ ငလျင်ဘေးဒဏ်ကြောင့် နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေအခက်အခဲများကြောင့် အချို့အားကစားနည်းများ အား ရန်ကုန်တွင် စခန်းဝင်လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့ရရှိထားသည့် စံချိန်စံညွှန်းများ ကျဆင်းမသွားစေရန်အတွက် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရရှိစေရန်နှင့် ကျန်းမာရေးကောင်းမွန်အောင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အားကစားသမားများ အာဟာရပြည့်ဝစေရေးအတွက် ယခင်ကျွေးမွေးခဲ့သည့် နှုန်းထားထက် တိုးမြှင့် ပြီး ချက်ပြုတ်ကျွေးမွေးလျက်ရှိကြောင်း၊ အားကစားသမားများကလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် အစွမ်းကုန်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။