အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်‌ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၈

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်နှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းမိသားစုများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစား‌လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall) ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အပြင်းစားငလျင်ဒဏ်နှင့် နောက်ဆက်တွဲ ငလျင်ဒဏ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေအဆင်ပြေချောမွေ့စေရေးအတွက် ယခုလို ထောက်ပံ့ငွေများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကိုလာရောက် လှူဒါန်းပေးပါသော အလှူရှင်များအား အထူးပင်မှတ်တမ်းတင်ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ ထောက်ပံ့လှူဒါန်း‌ပေး သည့် ပစ္စည်းများကို သက်ဆိုင်သူများ၏ လက်ဝယ်သို့ရောက်ရှိအောင် တာဝန်ရှိသူများက ညီတူညီမျှ ချက်ချင်းပြန်လည် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း နှုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများကို အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး‌နောက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပြန်လည် ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်များကိုယ်စား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ ဦးခင်မောင်ကြွယ်တို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားသမားများ လတ်တလော နေထိုင်စားသောက်မှုများ၊ ဆေးဝါးများနှင့် ဆက်သွယ်မှုများ အဆင်ပြေချောမွေ့လွယ်ကူစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အလှူရှင်များက လှူဒါန်းပစ္စည်းများကို ဌာနခွဲများအလိုက် ဝန်ထမ်းများအား အသီးသီးပေးအပ် လှူဒါန်းခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။