အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၅ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) မှ ပဏာမလက်ရွေးစင်အားကစားသမားများ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)မှ လူငယ်အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစား‌လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)၌ တွေ့ဆုံခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အားကစားအဖွဲ့များအားလုံး ငလျင်ဒဏ်ကြောင့် လက်ရှိတွင် နေထိုင်စားသောက်မှုများ၊ သောက်ရေ၊ သုံးရေ အခက်အခဲများ ကြုံတွေ့နေရသော်လည်း အသက်ဘေးအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ကြသည့်အတွက် ဝမ်းသာပါကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နီးကပ်လာပြီးဖြစ်၍ အခက်အခဲများရှိသော်လည်း အောင်မြင်မှုရရှိစေရေး၊ အရှိန်အဟုန်မပြတ်လေ့ကျင့်မှုများပြန်လည်စတင်နိုင်ရေးနှင့် အာဟာရပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများကလည်း ယခင်ရရှိထားသည့် စံချိန်/စံညွှန်းများ ပြန်လည်ရရှိ‌အောင်နှင့် ပိုမိုကောင်းမွန်သည့် စံချိန်များရရှိအောင် ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် ပြန်လည်ကြိုးစားလေ့ကျင့်သွားကြရန်လို‌ကြောင်း၊ ကြုံတွေ့လာသည့်အခက်အခဲများကို ကြံ့ခိုင်သည့်စိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော်ဖြတ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အင်အားပြည့်ဝပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးနိုင်စေရန်၊ လေ့ကျင့်မှု ပြည့်ပြည့်ဝဝ ပြန်လည်ပြုလုပ်နိုင်စေရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုများအတိုင်း တာဝန်ရှိသူများမှ စိစစ်ကြပ်မတ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ အားကစားအဖွဲ့များအားလုံး လေ့ကျင့်မှုများ ပြန်လည်စတင်ပြီး ကြိုးစားအားထုတ် ဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီးနောက် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အားကစား သမားများက လေ့ကျင့်မှုပြုလုပ်ရန်အတွက် လေ့ကျင့်‌ရေးရုံအခြေအနေများ၊ နေထိုင်စားသောက်မှုများ၊ သောက်ရေ၊ သုံးရေနှင့်ပတ်သက်ပြီး အခက်အခဲများအား အသီးသီး တင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ရှင်းလင်း‌ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် Cluster-10 ရှိ အားကစားသမားအိပ်ဆောင်များအား လိုက်လံကြည့်ရှုခဲ့ပြီး ဆက်လက်နေထိုင်ရန် သင့်/မသင့် အမြန်ဆုံး စစ်ဆေးနိုင်ရေးစီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး စားသောက်ရေး၊ သောက်ရေနှင့် သုံးရေရရှိစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။