ISTAF World Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သောမြန်မာ့လက်ရွေးစင်အားကစားအဖွဲ့ပြန်လည်ရောက်ရှိကြိုဆို
အိန္ဒိယနိုင်ငံ၊ ပတ္တနားမြို့၌ မတ်၂၀ရက် မှ၂၅ ရက်နေ့အထိကျင်းပခဲ့သော ISTAF WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် ယနေ့ ညနေပိုင်းက ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာသည်။
အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် Men Double၊ Men Quadrant၊ Women Double၊ Women Quadrant၊ Mix Quadrant၊ Mix Double Event စသည့် ကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီးနှစ်ယောက်တွဲ Double Event တွင် (ရွှေတံဆိပ်)ဆု၊ အမျိုးသားနှစ်ယောက်တွဲ Double Event နှင့် အမျိုးသား / အမျိုးသမီး Mix Double Event တွင် (ငွေတံဆိပ်)တစ်ခုစီနှင့် အမျိုးသားလေးယောက်တွဲ Quadrant Event တွင်(ကြေးတံဆိပ်)ဆု ရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်အိန္ဒိယ၊ နယူးဇီလန်၊ အမေရိကန်၊ ပိုလန်စသည့် နိုင်ငံများနှင့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား စသည့်အာဆီယံနိုင်ငံများ အပါအ၀င်နိုင်ငံပေါင်း ၂၁နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးဖြိုးဇော်လင်း၊ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းဇော်ထွန်းလင်းနှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်က ဂုဏ်ပြုဆုငွေကျပ် သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။


