အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ် ၂၄

ဝန်ထမ်းများ ဥပဒေဆိုင်ရာအသိပညာဗဟုသုတများတိုးပွားပြီး  ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်နှင့် အညီ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဥပဒေအသိပညာဆိုင်ရာဗဟုသုတများ တိုးပွားပြီး  ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်း ကြရမည့် သတ်မှတ်ပြဌာန်းချက် တစ်ရပ်လည်းဖြစ်ကြောင်း၊ ဥပဒေပညာသည် လေ့လာဆည်းပူး၍ မကုန်နိုင်သော ပညာရပ်တစ်ခု ဖြစ်ပြီး အထူးပြုလေ့လာရသည့် ဘာသာရပ်တစ်ခုဖြစ်သောကြောင့် မိမိတိုင်းပြည်အတွက် အကျိုးရှိသည့် ပညာရပ်တစ်ခုလည်းဖြစ်ပါကြောင်း၊  မိမိနိုင်ငံ၏ လူမျိုး၊ ရေ၊ မြေသဘာဝနှင့် ကိုက်ညီ သည့် စည်းမျဉ်း/စည်းကမ်းများ လိုက်နာရန်လိုအပ်သည့်အချက်များဖြင့် စနစ်တကျရေးဆွဲပြီး အုပ်ချုပ်ခြင်းဖြစ်သည့်အတွက် “ စည်းအတွင်းမှာနေ၊ ကင်းကွေလိမ့်ရန်ဘေး၊ စည်းကိုကျော် ချော်ကာကျ များလှရန်ဘေး” ဆိုသည့် စကားအတိုင်း လူတိုင်း ဥပဒေစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ နေထိုင်ပါက ဘေးအန္တရာယ်ကင်းမည်ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ အတည်ပြုပြဌာန်းထားသည့် ဥပဒေများကို နိုင်ငံသားတိုင်း လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွား တိုးတက်စေရေးအတွက် ယခုသင်တန်းတွင် ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်စေရန် အတိုချုံး၍ ဆင့်ပွားသင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ဥပဒေအကြောင်း သိကောင်းစရာများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူ များအနေဖြင့် ဥပဒေပညာ ကို ဆက်လက်ဆည်းပူးလေ့လာသွားရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။          

အဆိုပါ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့မှ (၂၉)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Media Room ၌ သင်တန်းနည်းပြ(၅)ဦးတို့က သင်တန်းသား/သင်တန်းသူ (၅၀)ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။