အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်းများအား လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန် “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ
နေပြည်တော်၊ မတ်လ ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် လူငယ်ရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်းများအား လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ “ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း (Media Press Room)၌ ကျင်းပခဲ့သည်။
ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းလူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိအလုပ် ကို တန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ လူငယ်စကားဝိုင်းအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များအတိုင်း နေထိုင်သွားကြရန်လိုကြောင်း၊ မိမိဌာန၏ မူဝါဒ၊ ရည်မှန်းချက်များကို အကောင်းအထည်ဖော်ဆောင်ရွက်ရာတွင် ကျရာကဏ္ဍက တာဝန်ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်လိုသည့် စိတ်ဓာတ်ခံယူချက် တိုးပွားလာစေရန် ရည်ရွယ်ပြီး လူငယ် စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းနယ်ပယ်အလိုက် ကျရာတာဝန်ကို ထမ်းဆောင်နိုင်ရန် အတွေ့အကြုံကောင်းများရှိမှ လုပ်ငန်းကျွမ်းကျင်မှုရှိမည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများအား စွမ်းဆောင်ရည်တိုးတက်စေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူစေလိုကြောင်း၊ အခြားသောအတွေ့အကြုံများမှတစ်ဆင့် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုများကိုလည်း တစ်ဦးချင်းမြှင့်တင်ပြီး ပန်းတိုင်ရောက်ရှိစေရန် ကြိုးစားသွားစေ လိုကြောင်း၊ အခြားဝန်ကြီးဌာနများနှင့် ဆက်စပ်လုပ်ဆောင်ရာတွင် Communication Skill များ ကောင်းရန်လိုအပ်ကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းနှင့်ပတ်သက်၍ ကျွမ်းကျင်မှု ရှိရန်နှင့် အရည်အချင်း အမြဲတိုးတက်စေရန် လေ့လာထားဖိုလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံအတွက် ကောင်းမွန်သော လူ့အဖွဲအစည်းတစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် ကျင့်ဝတ်များကို သိထားရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်ရန် ရိုးသားမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုနှင့် အဂတိတရားကင်းရှင်းရန်လိုကြောင်း၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် မိမိကိုယ်မိမိ ကြိုးစားလေ့လာပြီး အဖွဲ့အစည်းများနှင့် လိုက်လျောညီထွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိရန် ဆက်သွယ်ရေးကောင်းမွန်ရန်လည်းလိုကြောင်း၊ မိမိတို့ဌာနသည် ပြည်သူ့အကျိုးကို ဦးထိပ်ထား သော ဌာနဖြစ်သောကြောင့် ပြည်သူ့အသံကို အမြဲနားထောင်ပြီး ပွင့်လင်းမြင်သာမှုရှိရန်လိုကြောင်း၊ မျိုးဆက်သစ် ဝန်ထမ်းလူငယ်များအနေဖြင့် မှတ်သားသင့်သည်များကို ဝိုင်းဝန်းဆွေးနွေး မေးမြန်းကြပြီး ကျရာတာဝန်များကို ကျေပွန်စွာ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းတိုင်း အရည်အသွေးမြင့်မားစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ရန်လိုအပ်ပြီး လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို မြဲမြံစွာစောင့်ထိန်း၍ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက် နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းအခမ်းအနားတွင် အားကစားနှင်ကာယပညာဦးစီးဌာနမှ ဦးဝင်းထက်မွန် (ညွှန်ကြားရေးမှူး)က Moderator အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ဒေါ်ဝင်းသူဇာမင်း (အားကစားမှူး)က “ Individual level Capacity Building” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသက်ပိုင်ထက် (ရုံးအုပ်)က “ Psycho Social Support” ခေါင်းစဉ်ဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝပိုင်းဆိုင်ရာ ထောက်ပံ့မှုအကြောင်းအရာများအားလည်းကောင်း၊ ဒေါ်ဝင့်ဝါကျော် (ဒုတိယဦးစီးမှူး)က “ Dressing Smartly” အရေးပါမှုကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ ဒေါ်ယေဗက္ခ (ဒုတိယဦးစီးမှူး)က “ Positive Attitude” နှင့် ပတ်သက်၍လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းအခမ်းအနားတွင်ပါဝင်ဆွေးနွေးပေးခဲ့သည့် Moderator (၁)ဦး၊ Panellists (၄)ဦးနှင့် ဉာဏ်စမ်းမေးခွန်း ဖြေဆိုနိုင်သူများကို တာဝန်ရှိပုဂ္ဂိုလ်များက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။





