ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် Prefabricated Office များ ပြင်ဆင်တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲအား ကြည့်ရှုအားပေး
နေပြည်တော်၊ မေ ၂၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် နိုင်ငံပိုင်အဆောက်အဦများဖြစ်သည့် ရုံး/ဌာန အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ခွဲဝေပေးခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအတွက် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း၌ Prefabricated Office များ ပြင်ဆင်တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာဖြင့် ရုံးလုပ်ငန်းများ အမြန်ဆုံး ပြောင်းရွှေ့ဆောင်ရွက်နိုင်စေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိမြားပစ်လေ့ကျင့်ရေးကွင်း၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ (အမျိုးသား/အမျိုးသမီး) Recurve နှင့် Compound တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြသည့် သီဟထက်ဇော်နှင့် အောင်ကိုဦးတို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ Recurve တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယဆုရရှိခဲ့ကြသည့် နိုင်လင်းထက်နှင့် ကောင်းခန့်မော်တို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ Compound တစ်ဦးချင်းရှုံးထွက် ပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယဆုရရှိခဲ့ကြသည့် ဇင်သူရိန်မှူးနှင့် စုစုလှိုင်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ (အမျိုးသား/အမျိုးသမီး) Recurve အားကစားသမား ၇ ဦး၊ Compound အားကစားသမား ၅ ဦး၊ စုစုပေါင်း မြားပစ်အားကစားသမား ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။




