အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် ပြည်နယ်အဆင့်ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် တက်ရောက်

တောင်ကြီး၊မေလ ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် ပြည်နယ်အဆင့်ကင်းထောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်း၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကင်းထောက်နည်းပြ ဆရာ/ဆရာမ များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့သင်တန်းဟာ ပြည်နယ်အဆင့်ကင်းထောက်သင်တန်းဘဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအနေနဲ့ နိုင်ငံတော်ရဲ့အနာဂတ်အတွက်လူငယ်များကို အရေးပါတဲ့အရင်းအမြစ်များအဖြစ်သတ်မှတ်ပြီး လူငယ်များရဲ့စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်မူဝါဒအဓိကကဏ္ဍ (၁၆)ရပ်ကို ထိရောက်စွာကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ကင်းထောက်လူငယ်သင်တန်းဟာဆိုရင် လူငယ်တွေအနေနဲ့ တာဝန်သိတဲ့နိုင်ငံ့သားကောင်းများဖြစ်လာစေဖို့အတွက် ပုံသွင်းဖန်တီးရာမှာလူငယ်လူရွယ်တွေရဲ့ ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တများကောင်းမွန်လာအောင်ပြုပြင်ပေးပြီး စိန်ခေါ်မှုများကိုရဲရဲဝံ့ဝံ့ကျော်လွှားနိုင်ရဲတဲ့ မိမိကိုယ်မိမိအားကိုးယုံကြည်မှု၊ မိမိတို့ရဲ့အမိနိုင်ငံတော်အပေါ်မှာသစ္စာရှိပြီး နိုင်ငံတော်ကအားထားရတဲ့ လူငယ်တွေအဖြစ်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့အကြီးအကဲများရဲ့ အမိန့်နဲ့သွန်သင်မှုများကို ရိုသေစွာလိုက်နာတတ်တဲ့ အလေ့အထတွေရရှိလာစေဖို့အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ကင်းထောက်ကိုရှေးယခင်က “ ကင်းစမ်းထိုးခြင်း ၊ ကင်းစမ်းထိုးသောသူ” ဆိုပြီးအဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါကြောင်း၊ “ ရန်သူအခြေအနေကိုကြိုတင်သိရှိနိုင်ဖို့အတွက်စုံစမ်းထောက်လှမ်းသည်” လို့လည်း အနက်အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ ကင်းထောက်လုပ်ငန်းဟာ နိုင်ငံရေးသဘောမပါတဲ့ လူမှုရေးသက်သက်လုပ်ငန်းမျှသာဖြစ်ပြီးတော့ အခြေခံအားဖြင့် နိုင်ငံချစ်စိတ်၊ ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်၊ ကိုယ့်တိုင်းပြည်နဲ့ ရေ၊ မြေ၊ တော၊ တောင်တွေကို ချစ်တတ်တဲ့ စိတ်ဓာတ်တွေနဲ့ နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက်ပဲဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်များအနက်မှ လူမှုရေးဦးတည်ချက်ရဲ့ တတိယအချက်ဖြစ်တဲ့ နိုင်ငံတော်၏ ” ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ” ဆိုတဲ့အချက်ကိုချမှတ်ထားရှိတာပဲဖြစ်ပါကြောင်း၊ ကင်းထောက်လူငယ်များအနေနဲ့ ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မိမိတို့နဲ့ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းပြည်နဲ့လူ့အဖွဲ့အစည်းအပေါ်မှာ တာဝန်သိစိတ်များရှိလာစေရန်နဲ့ နိုင်ငံတော်နဲ့ ပြည်သူအတွက်ပါအကျိုးရှိစေမယ့် သင်တန်းဖြစ်ပါကြောင်း၊ ကင်းထောက်ကတိ(၃)ပါးဖြစ်တဲ့ ကျွန်တော်ကိုးကွယ်ယုံကြည်သည့်အယူဝါဒ နှင့် ကျွန်တော့်နိုင်ငံ၏တာဝန်ကိုထမ်းရွက်ရန်၊ သူတစ်ပါးအားအချိန်မရွေးကူညီရန်နဲ့ ကင်းထောက်ကျင့်ဝတ်(၁၀)ပါးကို အမြဲလိုက်နာထိန်းသိမ်းရန် ကျွန်တော်စွမ်းအားရှိသမျှဆောင်ရွက်ပါမည်ဟု မိမိတို့ရဲ့ဂုဏ်သိက္ခာကို ပဌာနပြုပြီးကတိပြုကြရမှာဖြစ်တဲ့အပြင် ကင်းထောက်ကျင့်ဝတ်(၁၀)ပါးကိုလည်း လိုက်နာထိန်းသိမ်းကြရမှာဖြစ်ပါကြောင်းနှင့် နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့ လူငယ်တွေအနေနဲ့ အကျိုးရှိတဲ့သင်ခန်းစာတွေတွေ့ကြုံမှုတွေအများကြီးရရှိစေမှာဖြစ်ပြီး လူမှုဘဝအတွက်အထောက်အကူများစွာရရှိစေမှာပဲဖြစ်ပါကြောင်း၊ လူငယ်မောင်မယ်များအနေနဲ့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးလုံးဖြူစင်သန့်ရှင်းကာ နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကိုတတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်နိုင်ပြီးဖွံ့ဖြိုးတိုးတက်တဲ့လူ့ဘောင်အဖွဲ့အစည်းကိုဖန်တီးပုံဖော်ရာမှာ အားကြိုးမာန်တက်ပါဝင်ဆာင်ရွက်နိုင်ကြတဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ ကင်းထောက်လူငယ်မောင်မယ်များဖြစ်ကြပါစေကြောင်း အစရှိသည်များကိုပြောကြားသွားကာ ကင်းထောက်လူငယ်များကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်ရန် အားကစားအထောက်အကူပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် က အမှာစကားဆက်လက်ပြောကြားသွားကာ ကင်းထောက်လူငယ်များအား ထောက်ပံ့ငွေကျပ်(၃၂,၃၆၇,၀၀၀ိ/-) (ကျပ် သုံးရာနှစ်ဆယ်သုံးသိန်း ခြောက်သောင်း ခုနှစ်ထောင် တိတိ/-)အား ပေးအပ်လှူဒါန်းခဲ့ကာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်းက ကင်းထောက်နည်းပြ နှင့် သင်တန်းသား/သင်တန်းသူများအတွက် ကင်းထောက်လည်စည်းများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း မှ လူငယ်ကင်းထောက်သင်တန်းသားလက်စွဲမှတ်စုစာအုပ် များအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရကာ ကင်းထောက်လူငယ်မောင်မယ်များက ကင်းထောက်ဂုဏ်ပြုသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။