ဒုတိယဝန်ကြီး ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့် ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့်အရာထမ်း၊အမှုထမ်းများအားတွေ့ဆုံ
ရန်ကုန်၊ မတ်လ (၅)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့သို့ ရောက်ရှိ၍ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံသို့လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံသို့လည်းကောင်း ရောက်ရှိ၍ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ရုံးလုပ်ထုံးလုပ်နည်း စည်းကမ်းများ နှင့်အညီ တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်၊ အချင်းချင်းအထက်အောက်အပြန်အလှန်လေးစားကြရန်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ လုံခြုံရေးသတိရှိစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ပုသိမ်မြို့ရှိ အဆင့်မြင့် ရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီပြီး သတ်မှတ်အချိန် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။




