အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၃။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးချုပ် ရဲနိုင်မျိုး(ငြိမ်း)နှင့် တာဝန်ရှိသူများ၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” စသည့် ဦးတည်ချက်များ ချမှတ်၍ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ယူခြင်းနှင့်အတူ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယနေ့တွင်လည်း လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် လေ့ကျင့်ပြုစု မွေးထုတ်ပေးရေးစီမံကိန်းအရ လုပ်ငန်းခွင်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ တစ်ဖက်တစ်လမ်း မှ စားဝတ်နေရေး ချောင်လည်နိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် အသက်မွေးဝမ်းကျောင်းနည်းပညာနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တို့ ဆက်စပ်မှုပိုမို အားကောင်းလာစေရန်ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များချမှတ်၍ ရေတိုရေရှည်စီမံချက်များ စနစ်တကျရေးဆွဲပြီး မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပညာသင်စရိတ်ထောက်ပံ့ပေးခြင်း၊ အသိပညာပေးဟောပြောပွဲများ၊ စကားဝိုင်း များ၊ လူငယ်ဖိုရမ်များ၊ လူငယ်လေ့လာရေးအစီအစဉ်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပ ပေးခြင်းများအပြင် အာဆီယံလူငယ်ဆိုင်ရာအစည်းအဝေးများ၊ Seminar / Workshop များ၊ လူငယ်တွေ့ဆုံပွဲများသို့ မြန်မာလူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ရေးနှင့် လူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွေ့ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင်အသုံးချ၍ အတွေ့အကြုံများဖြင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန်နှင့် မိမိတတ်ကျွမ်းထားသည့် ပညာရပ်များကို တစ်ပါးသူအား ပြန်လည်မျှဝေ ပေးနိုင်ရန် ကြိုးစားသင်ယူပြီး ကျရာကဏ္ဍများတွင် တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်နန်းကေခိုင်မြတ်ထွန်းနှင့် ဒေါ်ခိုင်ခိုင်မော်တို့က သင်တန်းသား ၃၀ ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။