အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၃ ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လိုအပ်ချက်များနှင့် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း၊ ယခုတွေ့ဆုံပွဲတွင် မိမိအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြေရှင်းမပေးနိုင်သည့်ကိစ္စရပ်များကို တာဝန်ရှိ အကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် သင်္ကြန်ကာလတွင် ဝန်ကြီးဌာနမှ စုပေါင်းရဟန်းခံ/ရှင်ပြုပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် သာသနာ့ဘောင်သို့ ဝင်ရောက်လိုသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ သက်ဆိုင်ရာဌာနသို့ အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့် အမှုထမ်းသားသမီးများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကို အထူးကရုပြုစေလိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျ သတိပြုသုံးစွဲကြရန်လိုကြောင်း၊ အားကစားကွင်း/အားကစားရုံဌာနခွဲအနေဖြင့် ဝန်ထမ်းအိမ်ရာများနှင့်အဆောင်များတွင် တပ်ဆင်ပေးထားသည့် မီးသတ်ဆေးဘူးများကို သတ်မှတ်သက်တမ်းကာလ ကျော်လွန်ခြင်း ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်သွားရန်နှင့် သက်တမ်းကျော်လွန်နေသည့် မီးသတ်ဆေးဘူးများကို လဲလှယ်တပ်ဆင် ပေးသွားရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာများနှင့်အဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်နှင့် အိမ်ရာပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုရှိစေရေး သီးပင်စားပင်များ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်နှင့် မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်း၊ ရာထူးတိုးမြှင့်ခန့်ထားရာ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများတွင် ထူးချွန်စွာတက်ရောက်အောင်မြင်ခဲ့ကြသူများကို ဦးစားပေးထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနခွဲအသီးသီးမှ ဝန်ထမ်းများက ရာထူးတိုးမြှင့်ခန့်ထားရေးနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို တင်ပြခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ပြောကြား ခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။