လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနား ဆက်လက်ကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။
ဦးစွာလူငယ်အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များက အဖွဲ့လိုက် Presentation များဖြင့် အသီးသီးဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက် “Building An Intergreated and Innovative Future” ခေါင်းစဉ်များ၏ ဆွေးနွေးပွဲရလဒ်များကို ပြန်လည်တင်ပြခဲ့ကြသည်။
ဆက်လက်ပြီး လူငယ်အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားရာတွင် “One Voice, One Vision: Empowering Youth For Unity and Friendship” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၌ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များသည် ဗဟုသုတနှင့်ပြည့်စုံပြီး ကျွမ်းကျင်မှုရှိရုံသာမက တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးနိုင်ခြင်း၊ ခံယူချက်ကောင်းမွန်ပြီး ထက်မြက်ထူးချွန်သည့်လူငယ်များဖြစ်သည့်အတွက် အနာဂတ်တွင်နိုင်ငံတော်မှအားထားရသည့် လူငယ်များကို မြင်တွေ့ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရမည်ဖြစ်သည့်အတွက် ကျန်းမာသန်စွမ်းပြီး အကျင့်စာရိတ္တကောင်းမွန်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးအတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်း စဉ်များနှင့် ရေတို/ရေရှည် စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ကြရမည့် လူငယ်များသည် တိုးတက်မြင့်မားလာသည့် နည်းပညာနောက်ကို အမှီလိုက်ကြရမည်ဖြစ်ပြီး တစ်ခေတ်ထက် တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်ပြီး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကိုကျော်လွှားနိုင်စေရန် အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်မောင်မယ် များအနေဖြင့် ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို သယ်ပိုးနိုင်ပြီး အရည်အချင်း ပြည့်ဝသည့် လူငယ်များဖြစ်အောင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့် လူငယ်အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် Moderator နှင့် Speaker များကို မြန်မာနိုင်ငံ
လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများက Fitness Dance အကအား သရုပ်ပြကပြခဲ့ရာ လူငယ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ် များက အတူတကွ လိုက်ပါဆောင်ရွက်ခဲ့ကြပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစား လှုပ်ရှားမှု များပြခန်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်းကြီးများ၏ ပုံတူရုပ်တုများနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် အားကစားလှုပ်ရှားဆောင်ရွက်မှုများ ပြခန်းနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပခဲ့မှုမှတ်တမ်း ပြခန်းများသို့ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။




