အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် လူငယ်အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ၂၆

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhangနော်တောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပထမပိုင်းအစီအစဉ်အနေဖြင့် နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့်အတူ မြန်မာလူငယ်များ၏ စွမ်းဆောင်ရည်များ တိုးတက်လာစေရေး၊ လူငယ်များအချင်းချင်း တွေ့ဆုံဆွေးနွေးခွင့် ရရှိသည့်အတွက် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှုများ ပိုမို တည်ဆောက်ပေးနိုင်ပြီး ကာယ၊ ဉာဏ၊ ဖွံ့ဖြိုးတိုးတက်လာစေမည့်အပြင် လူငယ်များ၏ တန်ဖိုးရှိသည့် စွမ်းရည်များကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုအခမ်းအနားအား “One Voice, One Vision: Empowering Youth For Unity and Friendship”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ လူမှုရေး ဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ဖွံဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း နိုင်ငံတော် အနေဖြင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် လူငယ်မောင်မယ်များအနေဖြင့် မိမိတို့ကျွမ်းကျင်သည့် ဘာသာရပ်များအလိုက် အသိပညာများ၊ အတတ်ပညာများ၊ မှတ်သားလေ့လာခဲ့သည့် ပညာဗဟုသုတနှင့် ရသစာပေများကို အချင်းချင်း မျှဝေပေးပြီး ၂၁ ရာစု ဗလငါးတန်ဖြစ်သည့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်သည့် အရည်အသွေး (PQ)၊ မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည် လက်ခံနိုင်သည့်အရည်အသွေး (CQ)၊ ဘဝရှင်သန်နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး(SQ)၊ စိတ်နှလုံးခံစားမှုအရည်အသွေး(EQ)၊ ဉာဏ်ရည် ဉာဏ်သွေး (IQ)များနှင့် ပြည့်စုံသည့် လူငယ်မောင်မယ်များ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မျိုးဆက်သစ်လူငယ်များကို နိုင်ငံ့ သားကောင်းရတနာများဖြစ်လာစေရန်အတွက် လူငယ်ရေးရာမူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အနေဖြင့်လည်း နိုင်ငံတော်မှ ချမှတ်ထားသည့် လူငယ်ရေးရာမူဝါဒများနှင့်အညီ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန် ထက်မြက်သည့် အတတ်ပညာရှင် အသိပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ပြည်သူကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းရတနာ လူငယ်များဖြစ်လာစေရေးအတွက် ယခင်နှစ်များနှင့်မတူဘဲ လူငယ်ဖိုရမ်များ၊ လူငယ်အလုပ်ရုံဆွေးနွေးပွဲနှင့် လူငယ်လေ့လာရေးအစီအစဉ်များ၊ လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ယခုဆွေးနွေးပွဲမှတဆင့် ရရှိလာသည့် အတွေ့ အကြုံကောင်းများကို လေ့လာမှတ်သား၍ နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုး ဆောင်ရွက်ပြီး ဗလငါးတန် ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များ၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင်ပါဝင်နိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး နောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းအကြောင်းအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် “Building a Resilient and Innovative Future”ခေါင်းစဉ်ဖြင့် ကျွမ်းကျင်ပညာရှင်များ၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ နိုင်ငံခြားခရီးစဉ်စေလွှတ်ခဲ့သည့် လူငယ်များဖြစ်သော Moderator အဖြစ် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေ၊ Speaker များအဖြစ် Sunlight Ventures Co.,Ltd. Director ဦးခန့်မင်းရှင်၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဦး၊ April Four Co.,Ltd. Managing Director ဦးမောင်မျိုးနှင့် MytelCo.,Ltd. Project Director ဒေါ်နှင်းနီတြာအောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီးနောက် လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ခြင်း၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် သင်ယူမှုအသစ်များလေ့လာခြင်း၊ ပညာရေးမှတဆင့် လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဆန်းသစ်တီထွင်ခြင်း ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား လူငယ်များမှ ဦးဆောင်အဖြေရှာခြင်း၊ လူငယ်များရဲ့အင်အားဖြင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထ ဖန်တီးခြင်း၊ အောင်မြင်မှုအတွက် ကျွမ်းကျင်မှုများ၊ ရေရှည်ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုဖြင့် စည်းလုံးညီညွတ်မှုတို့အား စာနာနားလည်မှုစိတ်ဓာတ်ဖြင့် တည်ဆောက်ခြင်းနှင့် အုပ်စုလိုက်ဆွေးနွေးခြင်းများကို First National InsuranceDeputy Managing Director ဦးအောင်ကိုကိုတင်ဝင်းနှင့် ပါဝင်ကူညီခဲ့ကြသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက် ပထမနေ့ လူငယ်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ပထမနေ့ လူငယ်အလုပ်ရုံဆွေးနွေးပွဲမှ လူငယ်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။