ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄)ရက် ။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူ များနှင့်အတူ လူငယ်အားကစားလေ့ကျင့်ရေးစခန်းသုဝဏ္ဏကွင်းရှိ အမျိုးသား/ အမျိုးသမီး (၄)ထပ်တည်းခိုဆောင်သို့ ရောက်ရှိပြီး ရန်ကုန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပရာ၌ အားကစားသမားများ တည်းခိုနေထိုင် စားသောက်ရေးကိစ္စရပ်များ၊ အဆင်ပြေစေရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်မှာကြားပြီး မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်ရှိ ဆောင်းရာသီသင်တန်းတွင် အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များမှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် လေ့ကျင့်ရေးရုံပြင်ဆင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေး မှာကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် တွင် ရောက်ရှိရာ Cycling E-Sport National Championship 2025 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ Indoor Trainer ဖြင့် လေ့ကျင့်နေမှုအား ကြည့်ရှု အားပေးပြီး ပြိုင်ပွဲအောင်မြင်မှုများ ရရှိအောင် ကြိုးစားကြရန် မှာကြားခဲ့ပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၊ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး ပဒေသာ အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းမြက်ခင်းပြင်ဆင်နေမှု ၊ အားကစားကွင်း/အားကစားရုံများနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဒေသာအားကစားခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံရာ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေးအတွက် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့် အတွက် အားကစားအောင်မြင် တိုးတက်ရေးအပြင် လူငယ်ရေးရာကဏ္ဍများ ၊ ပညာရေး၊ ယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာ စိတ်ပညာဖွံ့ဖြိုးတိုးတက်မှုတို့သည် ဆက်စပ်မှုများရှိသည့်အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် စိတ်ဓာတ်၊ စည်းကမ်း ၊ စံချိန်စံနှုန်းကို အဓိကထား၍ အားကစားအဆင့်အတန်း မြင့်မား တိုးတက် အထူးစွမ်းဆောင်သွားရန် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တစ်ဦးနှင့် တစ်ဦး အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံရန် နိုင်ငံဝန်ထမ်း သစ္စာအဓိဌာန်(၆)ချက် ၊ ကျင့်ဝတ်အပါး(၃၀)တို့ကို အထူးသတိချပ် လိုက်နာစောင့်ထိန်းရန် နှင့် ဝန်ထမ်းများ၏ ခံစားခွင့်ဖြစ်သည့် ရာထူးတိုးမြှင့်ရေးကိစ္စရပ်များနှင့် ပြောင်းရွှေ့ရေးကိစ္စရပ်များကို ဘုတ်အဖွဲ့များဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏ (YTC)ဘောလုံးကွင်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့် အားကစားသမားများက ကြိုဆိုကြပြီး ဘောလုံးကွင်း အတွင်း သို့ ကြည့်ရှုစစ်ဆေးပြီး လူငယ်U-19 ဘောလုံးအားကစားသမားများ နှင့် လက်ရွေးစင် ဖူဆယ်ဘောလုံးအားကစားသမားများ အား စိတ်ဓာတ်၊ စည်းကမ်း၊ စံချိန်စံနှုန်းများ ကောင်းမွန်အောင် ကြိုးစားပြီး ပြိုင်ပွဲများ၌ အောင်မြင်မှုများ ရရှိ၍ မိမိ မိသားစု အဖွဲ့ချုပ် ၊ ဌာနနှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန် ၊ ဒိုင်၊ နည်းပြနှင့်အားကစားသမားများသည် မိမိတို့ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အောင်မြင်မှုများရရှိအောင် မှာကြားပြီး ဖူဆယ် အားကစားရုံ၌ လေ့ကျင့်နေမှုအား ကြည့်ရှု အားပေး၍ မြက်ခင်းတု ဖူဆယ်လေ့ကျင့်ရေးကွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA အကူအညီဖြင့် တည်ဆောက်မည့် Outdoor မြက်ခင်းတု ဖူဆယ်အသင်းလေ့ကျင့်ရေးကွင်း(၁) နှင့် (၂) အကြီးစားပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေးပြီး ဘောလုံး အကယ်ဒမီ(ရန်ကုန်)အတွင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၌ အဖွဲ့ချုပ်အမှုဆောင်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား လည်းကောင်း၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ က မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများနှင့်ပတ်သက်၍ လည်းကောင်း၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌက မြန်မာဖူဆယ်လိဂ် ပြိုင်ပွဲများနှင့်ပတ်သက်၍ လည်းကောင်း၊ ရှင်းလင်းတင်ပြရာ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်အမှုဆောင်များ မှ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး ဖူဆယ်အသင်းများ အောင်မြင် မှုရရှိရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ကြရန် ဘောလုံးမျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် မှာကြားခဲ့သည်။ထ
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များကိုတွေ့ဆုံ၍ နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုရရှိရေးမှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်၌ တင်းနစ်ကွင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ ၊ မျိုးဆက်သစ် တင်းနစ်အားကစားသမားများ လေ့ကျင့်နေမှုများ ၊ သိမ်ဖြူလက်ဝှေ့အားကစားရုံ၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်တို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။




