မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော အားကစားအဖွဲ့များကို လိုက်လံစစ်ဆေးခြင်း
ရန်ကုန်၊ ဧပြီလ (၁၃)ရက် ။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)(သုဝဏ္ဏ)တွင် ပဏာမလက်ရွေးစင် ဘိလိယက် အားကစားသမားများ စခန်းသွင်း လေ့ကျင့်ရန် လေ့ကျင့်ရေးခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ နှင့်အမှုဆောင်များက ကြိုဆိုကြပြီး လေ့ကျင့်ရေးခန်းမပြင်ဆင်နေမှုများနှင့် အဖွဲ့ချုပ်မှ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဘိလိယက်နှင့်စနူကာ လေ့ကျင့်ရေးခန်းမကို နိုင်ငံတကာပြိုင်ပွဲများကျင်းပနိုင်သည့် အဆင့်မီစနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ဘိလိယက်အားကစားနည်းမှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု မလွတ်တမ်း ရယူနိုင်သည့် အားကစားနည်းဖြစ်သဖြင့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတော် အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လူငယ်အားကစားလေ့ကျင့် ရေးစခန်း(သုဝဏ္ဏ)ရှိ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးရုံသို့ ရောက်ရှိရာ အဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပဏာမ လက်ရွေးစင် တိုက်ကွမ်ဒို အတိုက်အားကစားသမားများ နှင့် တိုက်ကွမ်ဒိုကကွက် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးစကား ပြောကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အားကစားရုံတွင် ဖွင့်လှစ်ထားသော တိုက်ကွမ်ဒိုစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေး ကာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအားကစားသမိုင်းနှင့် ကမ္ဘာ့တိုက်ကွမ်ဒိုအားကစားသမိုင်း ဆိုင်ရာ အထောက်အထားမှတ်တမ်းများအပြင် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းဆိုင်ရာ စာအုပ်စာတမ်းများစုဆောင်းကာ ပြောင်းလဲလာသော နည်းစနစ် စည်းမျဉ်းစည်းကမ်းများကို အချိန်နှင့်တစ်ပြေးညီလေ့လာနိုင်ကြစေရန် ဆောင်ရွက် စေလိုကြောင်း၊ မဖြစ်မနေလိုအပ်သော စာအုပ်စာတမ်းများကို မြန်မာဘာသာသို့ ပြန်ဆို၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ၊ ပြည်တွင်းရှိ တိုက်ကွမ်ဒို အားကစားကလပ်များသို့ ဖြန့်ဝေနိုင်ရေးဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင် တိုက်ကွမ်ဒို၊ ဘိလိယက်/စနူကာနှင့် ပိုက်ကျော်ခြင်းအားကစားသမားများထားရှိသည့် အိပ်ဆောင်များ၊ ၂၀၂၅ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲဝင် အမျိုးသားအားကစားသမားများ တည်းခိုမည့် အိပ်ဆောင်များနှင့် ထမင်းစားဆောင်ကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျ နေရာချထားနိုင်ရေးအတွက် လိုအပ်သည်များကြိုတင်ပြင်ဆင်ထားကြရန် တာဝန်ရှိ သူများကို မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဏာမလက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ စခန်းသွင်းလေ့ကျင့်မည့် ပိုက်ကျော်ခြင်းအားကစားရုံကို ကြည့်ရှု စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်သည်များကို အချိန်မီကြိုတင်ပြင်ဆင်ကြရန်မှာကြား ခဲ့သည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ရုံးသစ်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျနေရာ ချထား နိုင်ရေးနှင့် ရေရှည်သန့်ရှင်းသပ်ရပ်ကောင်းမွန်စွာ အသုံးပြုနိုင်ရေး ထိန်းသိမ်း ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဒေသာအားကစားကွင်းအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန မှ အားကစားနည်း အလိုက်ထားရှိ လေ့ကျင့်နေသည့် အားကစားလေ့ကျင့်ရေးခန်းများနှင့် ၂၀၂၅ခုနှစ် ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲဝင် အမျိုးသမီး အားကစားသမားများ တည်းခိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ကြရန်မှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဒေသာအားကစားရုံကို ကြည့်ရှု စစ်ဆေးပြီး လျှာထိုးကြမ်းခင်း ပြန်လည်ပြုပြင်နိုင်ရေးနှင့် အားကစားနည်းအလိုက် လေ့ကျင့်မှုများ ပြိုင်ပွဲကျင်းပမှုများအတွက် စနစ်တကျ အချိန်သတ်မှတ်ဆောင်ရွက် နိုင်ရေး ရေရှည်တည်တံ့ အသုံးပြုနိုင်အောင် ထိန်းသိမ်းရေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။




