PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် ရွှေ ၅ ခု၊ ငွေ ၄ ခုနှင့် ကြေး ၃ ခု ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်ရွေးစင်ဂျူဒိုအားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို
ရန်ကုန် ၊ ဧပြီလ ၁၄ ရက်
မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် (၁၀.၄.၂၀၂၅)ရက်နေ့မှ (၁၄.၄.၂၀၂၅)ရက်နေ့အထိ ကျင်းပခဲ့သော PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲ တွင် ရွှေတံဆိပ်( ၅)ခု ၊ ငွေတံဆိပ် (၄)ခု နှင့် ကြေးတံဆိပ်(၃)ခု ဆွတ်ခူးရရှိခဲ့သော မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအဖွဲ့သည် ယနေ့ည (၁၉:၄၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်း ဂျူဒိုပြိုင်ပွဲတွင် -36Kgတန်း ၊ -70Kgတန်း ၊ -55Kgတန်း ၊ -57Kgတန်း ၊ +70Kgတန်း ၊ -24Kgတန်း ၊ -28Kgတန်း ၊ -32Kgတန်း ၊ -38Kgတန်း ၊ -81Kgတန်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ -36kgတန်း ပြိုင်ပွဲတွင် အိချစ်ဆုစံက( ရွှေတံဆိပ်)ဆု ၊ -70Kgတန်းပြိုင်ပွဲတွင် ယွန်းဝတီစိုးက(ရွှေတံဆိပ်)ဆု ၊ -55Kgတန်းပြိုင်ပွဲတွင် ထိုက်ထိုက်ကျော်က(ရွှေတံဆိပ်)ဆု ၊ -57Kgတန်းပြိုင်ပွဲတွင် ပိုးအိအိလွင်က (ရွှေတံဆိပ်)ဆု ၊ +70Kgတန်းပြိုင်ပွဲတွင် နန်းသဲနုနုစံက(ရွှေတံဆိပ်)ဆု ၊ -24Kgတန်းပြိုင်ပွဲတွင် သျှန်ကောင်းဆက်ပိုင်က (ငွေတံဆိပ်)ဆု ၊ -28Kgတန်းပြိုင်ပွဲတွင် ကောင်းကင်မင်းစစ်က (ငွေတံဆိပ်)ဆု ၊ -32Kgတန်းပြိုင်ပွဲတွင် အောင်ဇေထက်က (ငွေတံဆိပ်)ဆု ၊ – 70 kgတန်းပြိုင်ပွဲတွင် ဖြိုးဆွေဇင်ကျော်က (ငွေတံဆိပ်)ဆု ၊ -32Kgတန်းပြိုင်ပွဲတွင် ခေတ်စံနန်းထွဋ်က (ကြေးတံဆိပ်)ဆု ၊ -38Kgတန်းပြိုင်ပွဲတွင် မြတ်ဘုန်းခန့်က (ကြေးတံဆိပ်)ဆု နှင့် -81Kgတန်းပြိုင်ပွဲတွင်သန့်ဇင်ဝင်းအောင်က (ကြေးတံဆိပ်)ဆုတို့ကို အသီးသီး ဆွတ်ခူး ရရှိခဲ့သည်။
မြန်မာဂျူဒိုအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ/ဒိုင် ၆ ဦးနှင့် ဂျူနီယာတန်းတွင် အသက်(၁၀)နှစ်အောက် ၄ ဦး၊ အသက်(၁၂)နှစ်အောက် ၂ ဦး၊ အသက်(၁၈)နှစ်အောက် ၁ ဦး၊ စီနီယာတန်းတွင် လူငယ်လေ့ကျင့်ရေးစခန်း(Youth Camp)မှ ၁ ဦး၊ ပဏာမလက်ရွေးစင် ၄ ဦး၊ အားကစားသမား ၁၂ ဦး စုစုပေါင်း ၁၈ ဦးတို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲများအပြီးတွင် မြန်မာဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂ ခုတို့ကိုရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် မလေးရှား ၊ မြန်မာ ၊ ထိုင်း ၊အင်ဒိုနီးရှား ၊ စင်္ကာပူ ၊ ဩစတြေးလျ စသည့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း(၁၂)နိုင်ငံ မှ အသင်းပေါင်း (၃၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခဲ့သည်။
အဆိုပါ အောင်ပွဲရ မြန်မာဂျူဒိုအားကစားအဖွဲ့အား ၊အားကစားနှင့်ကာယပညာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ညွှန်ကြားရေးမှူးများနှင့်ဒုတိယညွှန်ကြားရေးမှူးများ ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌဦးထွန်းထွန်း ၊ဒုတိယဥက္ကဌနှင့်အမှုဆောင်များ ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ၊ မိဘဆွေမျိုးများ ၊ အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ၊အားကစားသမားများကကြိုဆိုခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အောင်မြင်မှုရရှိခဲ့သော ဂျူဒိုအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်း ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။


