အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံသိုင်းအားကစားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလက်ဝှေ့အားကစားအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ သိုင်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ဥက္ကဋ္ဌ ဦးရဲမြင့်က မြန်မာနိုင်ငံသိုင်းအားကစားအဖွဲ့ချုပ်ကို ၁၉၆၆ ခုနှစ်မှ စတင်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ မိမိတို့အဖွဲ့ချုပ်အနေဖြင့် မြန်မာ့သိုင်းအားကစားနည်းအပြင် ပန်ကြပ်ဆီလပ်၊ ဗိုဗီနမ်၊ အားနစ်နှင့် ခွန်ဘိုကာတာအားကစားနည်း ၄ နည်းကိုလည်း တိုးတက် ပြန့်ပွားအောင် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းအားကစားနည်းများဖြင့် နိုင်ငံတော် အတွက် ဆုတံဆိပ်များကိုလည်း ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပန်ကြပ်ဆီလပ်အားကစားနည်း ပါဝင်ယှဉ်ပြိုင်ရာ၌ အောင်မြင်မှုရရှိစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ပပြိုင်ပွဲများ စေလွှတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် အဖွဲ့အချုပ်မှ တာဝန်ရှိသူများကလည်း မိမိတို့ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ မြန်မာ့ရိုးရာသိုင်းအားကစားနည်း မတိမ်ကော မပပျောက်စေရေးနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးတို့အတွက် ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံလက်ဝှေ့အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျော်ကျော်စိုးနှင့် ဦးကိုကိုအောင်တို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းဝင်လေ့ကျင့်နေမှု အခြေအနေ၊ အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ နည်းပြ/ ဒိုင်များ၏ အရည်အသွေးများ အဆင့်မီမြင့်တင်ပေးနိုင်ရေး၊ အားကစားသမားများအား ပူးတွဲလေ့ကျင့်မှု၊ ဖိတ်ခေါပြိုင်ပွဲများနှင့် ပြည်ပပြိုင်ပွဲ အတွေ့အကြုံများ ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လက်ဝှေ့ဆပ်ကော်မတီများနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲနှင့် မိမိတို့ဝန်ကြီးဌာန၏ လိုလားချက်၊ မျှော်မှန်းချက်ဖြစ်သည့် မြန်မာ့အားကစားတိုးတက်မြင့်မားစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိအားကစားသမားများကို ပြောင်းလဲလာသည့် နည်းစနစ်များအပေါ် အားသာချက်ရှိအောင် ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့် သင်ကြားပေးသွားရန် ပြောကြားခဲ့ကြောင်းသိရသည်။