အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြင်းထန်ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေချောမွေ့စွာဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး ကျယ်ကျယ် ဝန်းဝန်းနှင့် နေထိုင်နိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင်(၁၊ ၂၊ ၃နှင့် ၄)တို့တွင် (၂)ခန်းတွဲ ဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးနှင့် အရည်အသွေးကောင်းမွန်စေရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ်(၃၁)ရှိ Call Room ၌ ဂျူဒိုနှင့် ဂျူဂျစ်ဆု အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဂျူဒို အားကစားနည်းဖြင့် နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များ ရယူပေးနိုင်ခဲ့ပြီး ဂျူဒို အားကစားအဆင့်အတန်း တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြင် အနာဂတ် တွင် ဂျူဂျစ်ဆုအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညှိနှိုင်းပေါင်းစပ်ပြီး အားထည့်၍ ကြိုးပမ်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ဂျူဒိုအားကစားအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ယခင်ထက် အောင်မြင်မှုများ ရရှိစေရန် အတွက် အဆင့်အတန်းမီမီ လေ့ကျင့်မှုများပြုလုပ်နိုင်မည့် ဂျူဒိုအားကစားလေ့ကျင့်ရေးရုံ၊ အထောက်အကူပြုလေ့ကျင့်ရေးပစ္စည်းများ၊ ထောက်ပံ့ကူညီပံ့ပိုးမှုများစွာ လိုအပ်ပါကြောင်းနှင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီး ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။