မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး (အားကစားသမား၊ အားကစားအဖွဲ့ချုပ်၊ အုပ်ချုပ်သူ/နည်းပြ)ဆုများ ချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
ရန်ကုန်၊ မေလ (၈)ရက် ။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမား(အမျိုးသား/ အမျိုးသမီး) ၊ စွမ်းဆောင်ရည်အကောင်းဆုံး အားကစားအဖွဲ့ချုပ်၊ အကောင်းဆုံး အုပ်ချုပ်သူ/ နည်းပြဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ၊မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်နာယက၊ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ Trusty Pay ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဆုရအုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများ ၊ အကောင်းဆုံးအုပ်ချုပ်သူ၊ အကောင်းဆုံးနည်းပြနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးအားကစားအဖွဲ့ချုပ်တို့ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်လို့ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိပြီး ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်လို့ နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းကို ဖော်ဆောင်နိုင်ခြင်းလည်းဖြစ်ပါကြောင်း၊ ယခုလိုဂုဏ်ပြုချီးမြှင့်ပေးနေတဲ့အတွက် အားကစားနည်းအလိုက် အားကစားသမားများ ၊ အားကစားနည်းပြဆရာများနဲ့ အားကစားအုပ်ချုပ်သူများအနေနှင့် ဆထက်ထမ်းပိုး ကြိုးပမ်းအားထုတ်လာကြမယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း၊ ယခုကျင်းပတဲ့ ၂၀၂၄ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုများကိုတော့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ပေါင်းစပ်၍ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ရွေးချယ်ချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်အလိုက် ထူးချွန်ပြောင်မြောက်တဲ့အားကစားသမားများကို အခုလို ရွေးချယ်ဂုဏ်ပြု ချီးမြှင့်ပေးနေခြင်းသည် အားကစားသမားများရဲ့ ယှဉ်ပြိုင်လိုစိတ်ကို အမြဲတမ်းရှင်သန်နိုးကြားစေဖို့အတွက်ဖြစ်ပါကြောင်း၊ တရားသောယှဉ်ပြိုင်ခြင်းနဲ့ အားကစားလောက တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် အကောင်းဆုံးအားကစားသမားဆု ၊ အားကစားနည်းပြဆု ၊ အားကစားအုပ်ချုပ်သူဆုနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးအားကစားအဖွဲ့ချုပ်ဆုများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီနဲ့ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့က နှစ်စဉ်တစိုက်မတ်မတ်စနစ်တကျရွေးချယ်ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်းသည် အရှေ့တောင်အာရှအဆင့် ၊ အာရှအဆင့်မှတစ်ဆင့် ကမ္ဘာ့အဆင့်အထိထိုးဖောက် တက်လှမ်းသွားနိုင်ဖို့ ရည်ရွယ်မျှော်မှန်းပြီးကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေနဲ့လည်း အားကစားအဖွဲ့ချုပ်များရဲ့ လိုအပ်ချက်များကို တတ်နိုင်သမျှ ပံ့ပိုးပေးသွားရင်း မြန်မာ့ အားကစား တိုးတက်မြင့်မားရေးကိုကြိုးပမ်းဆောင်ရွက်နေမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အားကစားလောကဖွံ့ဖြိုးတိုးတက်လာစေဖို့ ဘယ်ခေတ်ဘယ်ကာလနဲ့မှ မတူအောင် ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးနေသလို ပြည်သူတစ်ရပ်လုံးနဲ့ အားကစားဝါသနာရှင်များကလည်း မြန်မာ့အားကစားတိုးတက်မြင့်မားဖို့ အစွမ်းကုန်အားပေးနေကြတဲ့ အချိန်လည်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှတာဝန်ရှိသူများ၊ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမား များအနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ခိုင်မြဲတဲ့ယုံကြည်ချက် ၊ မှန်ကန်တဲ့မျှော်မှန်းချက်၊ နည်းစနစ်မှန်မှန်ဖြင့် စိတ်ဓာတ်၊ ဇွဲ၊ လုံ့လများနဲ့အောင်မြင်မှုတွေ စဉ်ဆက်မပြတ် ဆွတ်ခူးရယူနိုင်အောင် အစွမ်းကုန်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၂၄ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ရွေးချယ်ခဲ့မှုအခြေအနေများ ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ၂၀၂၄ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများ အုပ်ချုပ်၊ နည်းပြများနှင့် အားကစားအဖွဲ့ချုပ်တို့၏ စွမ်းဆောင် ခဲ့မှုမှတ်တမ်းကို Video Clip ဖြင့် ပြသခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား အားကစားသမားဆုရရှိသော ရဲထွန်းနောင် (ကာယဗလ)အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၂၀)ကို ချီးမြှင့်ပေးအပ်ပြီး ၂၀၂၅ ခုနှစ် သြဂုတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့၌ ကျင်းပပြုလုပ်မည့် World Games ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ လှေလှော် အားကစားအဖွဲ့ အသွား/အပြန် လေယာဉ် ခရီးစရိတ်အတွက် ငွေကျပ်သိန်း (၃၅၀) ကို Trusty Pay Company မှ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးက ၂၀၂၄ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရရှိသော ဝင်းဝင်းထွေး(လှေလှော်)အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၂၀)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အုပ်ချုပ်သူဆုရရှိသော ဦးသက်လွင်(လှေလှော်)အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၁၀)ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆုရရှိသော ဦးဘုန်းမြင့်တေဇာ(လှေလှော်)အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၁၀) နှင့် မြန်မာနိုင်ငံ အားကစားမီဒီများအဖွဲ့ချုပ် ဥက္ကဌ ဦးဉာဏ်ထွန်းက ၂၀၂၄ ခုနှစ်အတွက် စွမ်းဆောင်ရည် အကောင်းဆုံးအားကစားအဖွဲ့ချုပ်ဆုရရှိသော ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း(လှေလှော်အဖွဲ့ချုပ်)အား ဂုဏ်ပြုမှတ်တမ်းလွှာကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် ကာယဗလအားကစားသမား မောင်ရဲထွန်းနောင်နှင့် စွမ်းဆောင်ရည် အကောင်းဆုံးအားကစားအဖွဲ့ချုပ်ဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူ တင်းနစ်အားကစားကွင်းသို့ရောက်ရှိရာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၌ အောင်မြင်မှုများ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေမှုများနှင့် လိုအပ်သည်များအား တင်ပြဆွေးနွေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် အသက်(၁၂)နှစ်အောက် အမျိုးသား/အမျိုးသမီး အသင်းလိုက် တင်းနစ်ပြိုင်ပွဲ နှင့် သီရိလင်္ကာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် Billie Jean King Cup ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ပြိုင်ပွဲများ၌ အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ကြိုးစားလေ့ကျင့်ကြရန်မှာကြားပြီး ကစားသမားများ လေ့ကျင့်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျုံးကြီးလမ်းရှိ ကြက်တောင်အားကစား ရုံသို့ရောက်ရှိရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်အားကစား သမားများ လေ့ကျင့်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင်ကြိုးစားကြရန် စိန်ခေါ်မှုအားလုံးကို ရင်ဆိုင် ကျော်ဖြတ်နိုင်ပြီး စိတ်ဓာတ်ကောင်းမွန်၍ စည်းကမ်းစွမ်းအားများ တိုးတက်မြင့်မားလာရန် လိုအပ်ကြောင်းပြောကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသော ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ Myanmar League ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် I.S.P.E -FC အမျိုးသားအသင်း၊ I.S.P.E -FC အသက်(၂၁)နှစ်အောက် အမျိုးသားအသင်း၊ I.S.P.E -FC အမျိုးသမီးအသင်းတို့ကို တွေ့ဆုံရာ ပြိုင်ပွဲဝင်အသင်းများနှင့် မိတ်ဆက်ပေးပြီး အသင်း CEO နှင့် အသင်း ဥက္ကဋ္ဌတို့က အသင်းများစုဖွဲ့ပြင်ဆင်ထားမှု ပြိုင်ပွဲတစ်လျှောက် အောင်မြင်မှုများ၊ ယခုနှစ် ဘောလုံးရာသီတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်တောင်ရွက်ထားမှုများ၊ အာရှဘောလုံးအဖွဲ့ချုပ်မှ ကျင်းပမည့် AFC Women’s Champion League 2025-2026 ပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စည်းကမ်းတကျ လေ့ကျင့်မှုပြည့်ဝမှသာ အောင်မြင်မှုရရှိမည်ဖြစ်၍ နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ကြရန်နှင့် အားကစားသမားကောင်းစိတ်ဓာတ် အပြုအမူများဖြင့် ပြိုင်ပွဲတိုင်းတွင် ပြိုင်ပွဲပြီးသည်အထိ ဇွဲ ၊ စိတ်ဓာတ် အပြည့်ဖြင့် ကျားကုတ် ကျားခဲ ကြိုးစားကြရန် ၊ မြန်မာ့ဘောလုံးလောကအတွက် အားထားရသည့်နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။




