အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မေ ၁၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Mr.Li Qianguo (သံမှူး) က ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ချို့ တွင် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့်အတွက် မိမိတို့ တရုတ်နိုင်ငံအနေဖြင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါကြောင်း ၊ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ ချန်ဒူးမြို့၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲတွင်လည်း မြန်မာအားကစားအဖွဲ့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေလိုပါကြောင်း ၊ ဂျူဒို အားကစားနည်းအတွက်လည်း နည်းပြစေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားခရီးစဉ် သွားရောက်နေသည့်အတွက် မိမိအနေဖြင့် ပြည်ထောင်စုဝန်ကြီးကိုယ်စား ယခုလို လှူဒါန်းပေးသည့် ထောက်ပံ့ပစ္စည်းများကို လက်ခံရခြင်းဖြစ်ပါကြောင်း ၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ပြင်းထန်ငလျင်ဘေးဒဏ်ကြောင့် ရုံးလုပ်ငန်းသုံး စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ယခုလို ထောက်ပံ့ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းပေးသည့်အတွက် ပြည်ထောင်စုဝန်ကြီးကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ၊ တရုတ်နိုင်ငံ ချန်ဒူးမြို့၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ဆွေးနွေးပြောကြားခဲ့သည့် အချက်အလက်များကို ပြည်ထောင်စုဝန်ကြီးထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် ပေးအပ်လှူဒါန်းခဲ့သည့် ရုံးသုံးပစ္စည်းများနှင့် ထောက်ပံ့ ပစ္စည်းများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





