အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ မေလ(၁၆)ရက်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉:၃၀)နာရီ အချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဂျူဂျစ်ဆု၊ Teqball ၊ Squash ၊ ဟော်ကီ ၊ ဘိုးလင်း၊ Kick Boxing ၊ နပန်း ၊ ကျွမ်းဘား ၊Tug of War ၊ Skate Boarding ၊ Kabaddi အားကစားအဖွဲ့ချုပ်များမှဥက္ကဌများ ၊ ဒုတိယဥက္ကဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိရန်အတွက် အင်တိုက်အားတိုက် သွားရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိအားကစားအဖွဲ့ချုပ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနမှလည်း ညှိနှိုင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဖွဲ့ချုပ်များမှလည်း ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုးတက်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က အားကစားနည်းအလိုက် အိမ်ရှင်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးရန်ကိစ္စရပ်များ ၊ နည်းစနစ်ပိုင်းနှင့် နည်းပြကိစ္စရပ်များ၊ အားကစားသမားအင်အားစာရင်းနှင့် ရွေးချယ်ရေးကိစ္စရပ်များ၊By Name, By Number ပေးပို့ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲဝင်သုံး အထောက်အကူပြုပစ္စည်းများဖြည့်ဆည်းနိုင်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ယင်းနောက် အစည်းအဝေးသို့တက်‌ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ မိမိတို့အဖွဲ့ချုပ်အလိုက် အားကစားသမားများစိစစ်ရွေးချယ် ဆက်လက်စခန်းသွင်း နိုင်ရေးကိစ္စရပ်များ၊ အဖွဲ့ချုပ်သစ်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နိုင်ရန်ကိစ္စရပ်များ၊ အထောက် အကူပြုပစ္စည်းများ သယ်ယူနိုင်ရေးကိစ္စရပ်များ၊ စခန်းသွင်းအားကစားသမားများအတွက် အင်အားဖြည့် စားသောက်ရေးကိစ္စရပ်များ၊ Joint Training ပူးတွဲသွား‌ရောက်လေ့ကျင့်နိုင်ရေး ကိစ္စရပ်များ၊ နည်းပြ ခေါ်ယူရေးကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးမှုများအပေါ် အသေးစိတ်ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။