(၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊မေလ (၁၆)ရက်
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ ၊အတွင်းရေးမှူးများနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။
ယနေ့အစည်းအဝေးတွင် တင်းနစ် ၊ ဂျူဂျစ်ဆု ၊ Skateboarding ၊ Sqaush ၊ Teq ball ၊ စားပွဲတင်တင်းနစ် ၊ နပန်း ၊ ကြက်တောင် ၊ ဘိုးလင်း ၊ ခရစ်ကတ် ၊ စက်ဘီး ၊ ဟော်ကီ ၊ ကျွမ်းဘား ၊ Kabaddi ၊ မွေထိုင်း ၊ Kick Boxing ၊ Tug Of War စသည့် အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၊ ယခုအစည်းအဝေးသည် SEA Games ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ နှစ်ပတ်တစ်ကြိမ်ပြုလုပ်သွားရန် စီစဉ်ထားပါကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၂၀၇)ရက်သာ ကျန်တော့သည့်အတွက် ဌာနမှတာဝန်ရှိသူများနှင့်အတူ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့မှလည်း ဝိုင်းဝန်းပူးပေါင်း၍ ကူညီကြပ်မတ် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိအားကစားနည်းအလိုက် အုပ်ချုပ်/ နည်းပြများမှလည်း အားကစားသမားများ စည်းကမ်းတကျလိုက်နာဆောင်ရွက်လေ့ကျင့် ကြရန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စခန်းသွင်းအားကစားသမားများ ခွင့်တောင်းခံရာ၌ အဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများမှ သိရှိခွင့်ပြုပြီး ဌာနသို့ ဆက်လက်တင်ပြဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှလည်း စခန်းသွင်းအားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား လာရောက်ကြည့်ရှု စစ်ဆေးပြီး နေထိုင်စားသောက်လေ့ကျင့်ရေးကိစ္စရပ်များနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်ပြိုင်ပွဲများသွားရောက်ခြင်း ၊ ပြည်ပနိုင်ငံများ၌ အစည်အဝေးတက်ရောက်ခြင်း ၊ နိုင်ငံခြားနည်းပြများအား ငှားရမ်းခေါ်ယူခြင်း သို့ဆောင်ရွက်ရာတွင် Black List စစ်ရန်အတွက် Data အချက်အလက် အစုံအလင်များကို ဦးစီးဌာနသို့ အနည်းဆုံးနှစ်လ ကြိုတင်ပို့ဆောင်ရွက်ရမည်ကြောင်း ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် အားလုံးစုပေါင်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူတို့က (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အုပ်ချုပ်/နည်းပြ ၊ အားကစားသမားများ၏ အင်အားစာရင်းများ၊ မိမိတို့ အားကစားနည်းနှင့်စပ်လျဉ်း၍ ဝင်ရောက်ယှဉ်ပြိုင်မည့် လျာထား Event များ ၊ အားကစားသမားဦးရေများ၊ Joint Training နှင့် ပြည်ပပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရာ၌ပြိုင်ပွဲများ၏ အချိန်ကာလအပိုင်းအခြားများ၊ သွားရောက်လိုသည့်နိုင်ငံ၊ ကုန်ကျစရိတ်တွက်ချက် ကျခံမှုများ ၊ Test Match ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အစီအစဉ်များ ၊ အားကစားလေ့ကျင့်ရေးရုံနှင့်ကစားသမားအိပ်ဆောင်တို့၌ ရေ၊ မီး ရရှိမှုအခြေအနေများနှင့် အခက်အခဲများ ၊ လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများရရှိရေးနှင့် သယ်ယူရေးကိစ္စရပ်များ၊ လေ့ကျင့်ဘက်ထားရှိမှုနှင့် နည်းပြငှားရမ်းမှုကိစ္စရပ်များ၊ အားကစားသမား ရွေးချယ်သတ်မှတ်မှု ကိစ္စရပ်များအား တင်ပြဆွေးနွေးပြီး လိုအပ်သည့်ကိစ္စရပ်များ၌ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်မှုများရရှိစေရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအပေါ် လိုအပ်ချက်များအား အသေးစိတ်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။


