(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၃၁
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပ သွားမည်ဟုသိရှိရပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ အားကစားနည်း(၅၀)မျိုးတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၇)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားသမားများ လေ့ကျင့်မည့်ရက်၊ လေ့ကျင့်ရေးပစ္စည်းလိုအပ်ချက်၊ အားကစားအဖွဲ့ချုပ်အလိုက် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမားများအတွက် နေထိုင်စားသောက်မှု၊ လေ့ကျင့်ရေးသုံးပစ္စည်း၊ ဆေးဝါးများနှင့် စခန်းသွင်းထောက်ပံ့ကြေးငွေ များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားနည်းပြများနှင့် လေ့ကျင့်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်ပူးတွဲလေ့ကျင့်နိုင်ရေးများကိုလည်း လျာထားဆောင်ရွက်လျက်ရှိ ကြောင်း၊ အားကစားသမားများ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် စခန်းသွင်း လေ့ကျင့်ချိန်များ၌ အဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများမှ လာရောက်ကြည့်ရှု့ အားပေးပြီး ထောက်ပံ့ပေးသွားရန်တိုက်တွန်းပြောကြားလိုပါကြောင်း၊ နိုင်ငံတကာဖိတ်ခေါ် အားကစားပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တင်ပြလာမှုများအပေါ် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းခြေစမ်းပြိုင်ပွဲများ၊ လက်ရည်စစ်ပြိုင်ပွဲများနှင့် ဖိတ်ခေါ်အားကစားပြိုင်ပွဲများ ကျင်းပလိုပါက ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဆုတံဆိပ်ရရှိနိုင်မည့် အားကစားသမားများနှင့် နည်းပြများကို စိစစ်ရွေးချယ်စေလွှတ်သွားစေရန်လိုကြောင်း၊ လေ့ကျင့် ချိန်ကာလ ရက် (၂၀၀) ကျော် သာလိုတော့သည်အတွက် အားကစားနည်းအလိုက် ကစားသမား များ ရွေးချယ်လေ့ကျင့်သွားရန်နှင့် Training Programme တွင် လေ့ကျင့်မည့် ကာလအလိုက် လေ့ကျင့်မှုများကို စနစ်တကျရေးဆွဲပြီး ပြန်လည်တင်ပြပေးစေလိုကြောင်း ပြောကြား ခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်မည့်ရက်၊ အားကစားပစ္စည်းလိုအပ်ချက်များ၊ နိုင်ငံတကာသို့ သွားရောက်ပူးတွဲ လေ့ကျင့်သွားမည့်အခြေအနေများ၊ နိုင်ငံခြားသားနည်းပြများ ခေါ်ယူလေ့ကျင့်မည့် အခြေအနေများနှင့် ပြည်တွင်းဖိတ်ခေါ်အားကစားပြိုင်ပွဲများကျင်းပလိုသည့် အခြေအနေများအား အသီးသီး တင်ပြဆွေးခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။