မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်
နေပြည်တော်၊ ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် NayPyiTaw State Academy ၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးနိုင်ပြီး နိုင်ငံ့စီးပွားလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် (MSME) စီးပွားရေးလုပ်ငန်းရှင်များကို အားပေးချီးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်များကို နိုင်ငံ့သားကောင်း ရတနာများ ဖြစ်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် လက်တွေ့နယ်ပယ်၌ အောင်မြင်မှုရရှိနေ သည့် လူငယ်လုပ်ငန်းရှင်များက လူငယ်များကို စွန့်ဦးတီထွင်မှု၊ ၎င်းတို့၏ အတွေ့အကြုံများနှင့် ရင်ဆိုင်ဖြတ်ကျော်ခဲ့မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်ကြောင်း၊ စွန့်ဦး တီထွင်မှုသည် လုပ်ငန်းတစ်ခုစတင်ရုံမျှသာမက လူငယ်တစ်ဦးချင်းစီ၏ ခေါင်းဆောင်မှုနှင့်အတူ အနာဂတ်တွင် ဆန်းသစ်တီထွင်သူများအဖြစ် ပုံဖော်ပေးမည့် ခရီးတစ်ခုလည်းဖြစ်ကြောင်း၊ လူငယ်များ ဆန်းသစ်သည့် အတွေးအခေါ်များနှင့် အမြင်များမှတစ်ဆင့် အောင်မြင်တိုးတက်မှု များကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ စွန့်ဦးတီထွင်သူဆိုသည်မှာ အရင်းအနှီးရှိမှ၊ ချမ်းသာမှ လုပ်ငန်း လုပ်လို့ရသည်မဟုတ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ စိတ်ကူးအိပ်မက်များကို လက်တွေ့ အမှန်တကယ် အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ရင်း ဗလငါးတန် ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များ၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင် ကျရာအခန်းကဏ္ဍမှပါဝင်နိုင်သူများဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ပြည်ထောင်စု နယ်မြေနေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က အမှာစကားပြောကြားရာတွင် ကျောင်းသား လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူကြမည့် လူငယ်များဖြစ်လာစေရေးအတွက် ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က NayPyiTaw State Academy သို့ စာအုပ်များနှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင် က လက်ခံခဲ့ပြီးနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က အသိပညာပေးဟောပြောမည့် ဒေါ်ဟေမာစံနှင့် ဒေါ်နန်းခင်အုန်းတို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဒေါ်ဟေမာစံနှင့် ဒေါ်နန်းခင်အုန်းတို့က “ စွန့်ဦးတီထွင် လုပ်ငန်းရှင်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ NayPyiTaw State Academy ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။