အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)အစည်းအဝေးကျင်းပ

ရန်ကုန်၊ မေလ (၁၇)ရက်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)ကို မေလ(၁၅)ရက်နေ့ နေ့လယ်(၁:၃၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်ဥက္ကဌများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဘဏ္ဍာရေးမှူးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC)မှ ၁၉၄၇ခုနှစ် ၊ ဇူလိုင်လ(၉)ရက်နေ့တွင် အသိအမှတ်ပြုခဲ့သည့်အတွက် သက်တမ်းအားဖြင့် (၇၉)နှစ်ကြာမြင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာ အစောဆုံး အသိအမှတ်ပြုခံရသည့်နိုင်ငံကော်မတီမှာ ပါဝင်ခဲ့ပါကြောင်း ၊၂၀၂၅ ခုနှစ်က မိမိမှတာဝန်ယူပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌအဖြစ်တာဝန်ယူပြီး မြန်မာ့အားကစားအောင်နိုင်ရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ဌာနမှတာဝန်ရှိသူများနဲ့ ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း၊ (၄၅)ကြိမ်မြောက်အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့စဉ်မှာလည်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းများထပ်မံထည့်သွင်းနိုင်ရေး၊ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဆုတံဆိပ်ရရှိ နိုင်ရေး၊ နေထိုင်စားသောက်ရေး၊ အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးကော်မတီ(SEAGF Council) မှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မြန်မာ့အားကစားအောင်နိုင်ရေးနှင့်စနစ်တကျရှိစေဖို့ အစည်းအဝေးတက်ရောက်လာသည့် ကော်မတီဝင်များက ပါဝင်ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့ အားကစားအဖွဲ့ချုပ်များအလိုက် အားကစားအောင်မြင်မှုရရှိရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ နိုင်ငံတကာပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ရာတွင်ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပပြိုင်ပွဲများလက်ခံ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အားကစားကို စိတ်ပါဝင် စားသည့် အားကစားသမားများပေါ်ထွက်လာပြီး စနစ်တကျကစားလာနိုင်ရေးများ၊ အရည်အချင်းမှီသည့် နည်းပြနှင့်ဒိုင်များမွေးထုတ်ပေးနိုင်ရေးနှင့် သင်တန်းများဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ နိုင်ငံခြားနည်းပြများ ခေါ်ယူသင်ကြားနိုင်ရေးများ၊ ပြောင်းလဲတိုးတက်နေသည့် နည်းစနစ်၊ ဥပဒေများနှင့်အမြဲချိတ်ဆက် ဆောင်ရွက်နေမှုများ၊မျိုးဆက်သစ်အားကစားသမားများမွေးထုတ်နိုင်ရေးကိစ္စရပ်များ၊ တစ်နှစ်တာအတွင်း ပြိုင်ပွဲကျင်းပမှု၊ သွားရောက်ယှဉ်ပြိုင်မှုအခြေအနေများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုဆုတံဆိပ်များရရှိနိုင်ရေးများ၊ ပြိုင်ပွဲဝင်အထောက်အကူပြုပစ္စည်းများ၊ သယ်ယူပို့ဆောင်နိုင်ရေးများ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ Joint Training သွားရောက် ပူးတွဲလေ့ကျင့်ရေးကိစ္စရပ်များ၊ အိုလံပစ်ကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၄) ဦးခွန်ဂျာအောင်က အာရှအိုလံပစ်ကောင်စီနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အတွင်းရေးမှူး(၂) ဦးထွန်းမြင့်ဦးက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအသင်းဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်ပြင်ဆင်မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထိန်လင်းက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသော ပုဂ္ဂိုလ်များက အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး(၂) နှင့် တာဝန်ရှိသူများက ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေးအတွက် Excellent Fortune Foundation ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း(ကိုယ်စား) မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး မှ ပဏာမလက်ရွေးစင်အလေးမအားကစားသမားများအတွက် ငွေကျပ်သိန်း(၁၀၀)နှင့် ငွေကျပ်သိန်း(၅၀) တန်းဖိုးရှိဆေး Amino Acids နှင့် Creatine Monohydrate အားဆေးများကိုလည်းကောင်း၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးသူရမှ မြန်မာ့အားကစား အောင်နိုင်ရေးအတွက် ငွေကျပ်သိန်း(၂၀၀)ကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကူးနှင့် လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှ မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ Jeng Phang နော်တောင် မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။