အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွှေပြည်သာအားကစားကွင်းတွင် ကျင်းပလျက်ရှိသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား တာဝန်ရှိသူ များနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂)သင်းနှင့် (အမျိုးသမီး)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသည့် အသင်းများ၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်း (အမျိုးသား)သုံးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၀)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသည့် အသင်းများ၊ ဇန်နဝါရီလ ၁၄ ရက်နေ့၌ ကျင်းပခဲ့သည့် မီနီမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ (၁၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသည့် အားကစားသမားများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ရွှေပြည်သာအားကစားကွင်းတွင် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများအဖြစ် ချောတိုင်တက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ရာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ကြသည့် မျိုးနွယ်စုအလိုက် ကျေးရွာများမှ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး၊ အားကစားကွင်း/အားကစားရုံများ စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေရှည်တည်တံ့စေရေးတို့အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့်အတူ ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။