အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၂၉။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း (ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် တည်းခိုဆောင်များ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံ၍ အားကစားသမားများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ လေ့ကျင့်ထားသည့် အရည်အသွေး/အရည်အချင်းများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် ရွှေတံဆိပ်ဆုများရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဆင့်သို့ ရောက်ရှိအောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း၊ စံချိန်/စံညွှန်းများကောင်းမွန်သည့် အားကစားသမားများကိုရွေးချယ်ပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်သည့် အားကစားသမားများဖြစ်အောင် ဆက်လက်လေ့ကျင့်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်၍ မိမိတွင်ရှိသည့် အစွမ်းအစများကို မလျှော့ဘဲ အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ စားရိပ်သာမှ ချက်ပြုတ်ပြင်ဆင် ကျွေးမွေးသော အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာ စားသုံးပြီး ပြင်ပအစားအသောက်များကို စားသောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစား သမားများ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် တည်းခိုဆောင်များ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် အားကစားအဖွဲ့များ၏ နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ စားသောက်ဆိုင် (ကန်တင်း)များတွင် အားကစားသမားများအတွက် အဆာပြေ အစားအသောက်များနှင့် အသေးသုံးပစ္စည်းများ ဝယ်ယူနိုင်ရန် ပြင်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်မှုရှိသော အစားအသောက်များကိုသာ ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

အဆိုပါ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက်ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမား စုစုပေါင်းအင်အား ၆၀၀၀ ကျော်သည် အမှတ်(၃)၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း (ရွာတော်)တွင် တည်းခိုသွားမည်ဖြစ်ကြောင်း သိရသည်။