အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ(၃၀)ရက်။

အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဦးဆောင်၍ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ (၉) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ MGallery ဟိုတယ်၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် In-person/ Virtual စနစ်များဖြင့် တက်ရောက်ခဲ့သည်။

ဦးစွာ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် ပိုမိုကောင်းမွန်သည့် အာဆီယံ အသိုက်အဝန်း၊ ဆန်းသစ်တီထွင်ဖန်တီးမှုများနှင့် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုများကို အားကောင်း လာစေရန် မောင်းနှင်ဆောင်ရွက်ပေးနိုင်သော အင်အားစုတစ်ခုဖြစ်သည့်အတွက် အနာဂတ် ခေါင်းဆောင်ဖြစ်သည့် လူငယ်များကို စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းများရှိပြီး ပိုမိုတီထွင်ဖန်တီးနိုင်စွမ်းများ ရှိလာအောင် ပြုစုပျိုးထောင်ပေးရန် အလွန်ပင်အရေးကြီးပါကြောင်း၊ သဟဇာတဖြစ်ပြီး ပေါင်းစည်းခိုင်မာသော အာဆီယံလူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရာတွင် လူငယ်များအကြားအပြန်အလှန်နားလည်မှုများ၊ မတူကွဲပြားသည့် ချိတ်ဆက်ဆောင်ရွက်မှုများနှင့် တန်ဖိုးထားမှုများ၊ စံနှုန်းများနှင့် ဝိသေသလက္ခဏာများကို အသိအမှတ်ပြု လေးစားမှုများဖြင့် အားပေးမြှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်းသည် အရေးပါသည့် တွန်းအားများထဲမှ တစ်ခုဖြစ်သည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးခေါင်းဆောင်များအနေဖြင့် မျိုးဆက်သစ်လူငယ်များ၏ အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့၏ အားကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ယမန်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လူငယ်ဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် အသီးသီး ဆွေးနွေးပြောကြားခြင်း၊ ပူးတွဲထုတ်ပြန်ချက်များအား ဆွေးနွေးအတည်ပြုခြင်း၊ (၁၄)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပမည့် အချိန်နှင့်နေရာတို့အား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးပထမပိုင်း အစီအစဉ်အား ရပ်နားခဲ့သည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် (၉)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ (၉)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့်အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ကာလသည် မကြာခင်ပြီးဆုံးတော့မည်ဖြစ်၍ ကာလတို၊ ကာလလတ်နှင့် ကာလရှည်များတွင် ဆောင်ရွက်ရန်လိုအပ်သည့် အစီအစဉ်များကို ချမှတ်နိုင်ရန် အလေးအနက်ထား စဉ်းစားဆွေးနွေးရမည့် အချိန်ကာလ တစ်ခုဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်၊ အစီအစဉ်အသစ်များနှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ပိုမိုအားကောင်းသည့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဖန်တီးနိုင်မည့် အကြံပြုချက်များကို မျှဝေဆွေးနွေးပေးသွားရန်လိုကြောင်း၊ မိမိအနေ ဖြင့်လည်း လူငယ်ထုအတွက် ပိုမိုကောင်းမွန်သည့် သာယာဝပြောမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည့် ရလဒ်ကောင်းများစွာနှင့် ပြီးမြောက်အောင်မြင်လာစေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက်(၁၂)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ အစီရင်ခံစာများကို ဖတ်ကြားတင်ပြခြင်း၊ အာဆီယံ အပေါင်း ၃ နိုင်ငံများက မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌဆောင်ပုဒ်ဖြစ်သည့် “သဟဇာတဖြစ်တဲ့ အာဆီယံလူ့အဖွဲ့အစည်းတစ်ခုကို လူငယ်တွေရဲ့ အင်အားနဲ့ ဖန်တီးဖော်ဆောင်သွားကြပါစို့”နှင့်စပ်လျဉ်း၍ လူငယ်ဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် အသီးသီး ဆွေးနွေးပြောကြားခြင်း၊ အစည်းအဝေးများ၏ ဝန်ကြီးများအဆင့် ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခြင်းနှင့် (၁၀) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးကျင်းပမည့် အချိန်နှင့်နေရာအား ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်မြန်မာနိုင်ငံကဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်များကို ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်များကို ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများနှင့် အတူဆက်စပ် အစည်းအဝေးများဖြစ်သည့် (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများကိုလည်း လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် MGallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။