(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပ
နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး (Thirteenth ASEAN Senior Officials Meeting on Youth (SOMY XIII) and Related Meetings)များအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် MGallery ဟိုတယ်၌လည်းကောင်း၊ Virtual စနစ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအား လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် MGallery ဟိုတယ်၌ လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ခေါင်းဆောင်များနှင့် တာဝန်ရှိသူများသည် Virtual စနစ်ဖြင့်လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အဓိကအားဖြင့် အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ အရ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းစဉ်များနှင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသည့် အာဆီယံ ဒေသအဆင့် လူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ်များကို အသေးစိတ်ဆွးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေး၌ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံမှ နောင်လာမည့် သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည့် ဖိလစ်ပိုင်နိုင်ငံသို့ ဥက္ကဋ္ဌတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှလည်း (၁၄)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် (၁၂)ကြိမ်မြောက် အာဆီယံ အပေါင်း(၃) လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအားလည်းကောင်း၊ နိုဝင် ဘာလ ၃၀ ရက်နေ့တွင် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်း အဝေးတို့ကိုလည်းကောင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။