၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် ၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရေးစသည့် ဦးတည်ချက် ၅ ချက်ဖြင့် ယခု အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်းအားကစားနည်း ၄ နည်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းများအတွက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားများ ကြိုတင်ရေးဆွဲနိုင်ရေးအတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် တရားမျှတမှုရှိစေရေးအတွက် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် စည်းမျဉ်း/စည်းကမ်းများ၊ အားကစားအဖွဲ့ချုပ်မှ ထုတ်ပြန်အတည်ပြုထားသည့် စည်းမျဉ်း/ဥပဒေများကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ထပ်ခါထပ်ခါ အတည်ပြုဆွေးနွေး ဆုံးဖြတ်ပြီးမှ ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေများအတိုင်း လိုက်နာယှဉ်ပြိုင်သွားရန် လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းများအတွက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားများ ကြိုတင်ရေးဆွဲခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဝန်ကြီးဌာနများမှ အသင်းအုပ်ချုပ်သူများ၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။