အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ(၁၃)ရက်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် ၄ ချက်အားချမှတ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားပွဲတော်တွင် လာရောက်ကြည့်ရှုမည့် ပရိသတ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယခုအစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ယခုတက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ အရာထမ်းများကို မိမိတို့ဝန်ထမ်းများသွားလာရေး အဆင်ပြေစေရေးအတွက် ဝန်ကြီးဌာနအလိုက် မော်တော်ယာဉ်နှင့် ပရိသတ်နေရာချထားမှု အစီအစဉ်များကို ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အခမ်းအနားတက်ရောက်မည့် ဝန်ထမ်းများအား အဆာပြေအစားအသောက်များ ကျွေးမွေးရန်လိုအပ်ကြောင်း၊ မိမိတို့အစီအစဉ်ဖြင့် ကျွေးမွေးမည့် အဆာပြေစားသောက်စရာများကို လုံခြုံရေးဆပ်ကော်မတီမှ စစ်ဆေးနိုင်ရန်အတွက် သတ်မှတ်ထားသည့်နေရာများသို့ အချိန်မီကြိုတင် ပေးပို့သွားရန် လိုကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားသို့ လာရောက်မည့်သူများ အတတ်နိုင်ဆုံး သက်သောင့် သက်သာဖြင့် ကြည့်ရှုအားပေးနိုင်စေရေးအတွက် နေရာများ  စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ဖိတ်ကြားထားသည့် သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များကလည်း ဝန်ကြီးဌာနများအလိုက် လာရောက်အားပေးနိုင်ရေး ပြင်ဆင်ထားရန်လိုကြောင်း၊ ပရိသတ်နေရာချထားမှု အစီအစဉ်များနှင့် ပတ်သက်ပြီး ကြိုတင်ရှင်းလင်းသည့်အစီအစဉ်ကို ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ခံများနှင့် အတူ လက်ထောက်တာဝန်ခံနှင့် ယာဉ်ကြီးကြပ်သူများ မပျက်မကွက် တက်ရောက်ပေးသွားရန် လိုကြောင်း၊ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားအောင်အောင်မြင်မြင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ပျော်ပျော်ရွှင်ရွှင် လာရောက်အားပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု လုပ်ငန်းစဉ်အခြေအနေများကို ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ရှင်းလင်းတင်ပြခဲ့ပြီးနောက်  အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။