တတိယအကြိမ်မြောက် အာဆီယံလူငယ်စကားဝိုင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် လူငယ်များတွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော်၊ အောက်တိုဘာလ (၁၄)။
တတိယအကြိမ်မြောက် အာဆီယံလူငယ်စကားဝိုင်းနှင့် အာဆီယံခေါင်းဆောင်များနှင့် လူငယ်များတွေ့ဆုံပွဲ (The 3rd ASEAN Youth Dialogue 2024 & ASEAN Leader’s Interface with Repre- sentatives of ASEAN Youth 2024) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Vientiane နှင့် Luang Prabang မြို့တို့တွင် Enhan- cing Comprehensive and Resilient Supports For Sustain- able ASEAN YouthDevelopment ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ တာဝန်ရှိသူ(၁)ဦးဖြစ်သော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး(၁)ဦး၊ လူငယ်ကိုယ်စားလှယ် (၁)ဦးနှင့် Naypyitaw State Academy မှ ကျောင်းသားလူငယ်ကိုယ်စား လှယ်(၁)ဦး စုစုပေါင်း ကိုယ်စားလှယ်(၃)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ လူငယ်စကားဝိုင်း၏ ပထမနေ့အစီအစဉ်တွင် (က)လူငယ်နှင့် ကျန်းမာရေး (ခ) လူငယ်နှင့်နည်းပညာစွန့်ဦးတီထွင်မှု ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဒုတိယနေ့အစီအစဉ်တွင် (က) လူငယ်အလုပ်အကိုင်အခွင့်အလမ်းနှင့် ပူးပေါင်းပါဝင်မှု (ခ) လူမှုရေးလုပ်ငန်းအစီအစဉ်များတွင် လူငယ်များပူးပေါင်းပါဝင်မှု ခေါင်းစဉ်များဖြင့်လည်းကောင်း မြန်မာလူငယ်များအပါအဝင် အာဆီယံဒေသတွင်း လူငယ်ကိုယ်စားလှယ်များအကြား သဘောထားအမြင်များဖလှယ်ခြင်း၊ ဆွေးနွေးအဖြေရှာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တတိယအကြိမ်မြောက် အာဆီယံလူငယ်စကားဝိုင်းမှ လူငယ်ကိုယ်စားလှယ်များ၏ အကြံပြုတင်ပြချက်များအား အာဆီယံခေါင်းဆောင်များနှင့် လူငယ်များတွေ့ဆုံပွဲတွင် အာဆီယံခေါင်းဆောင်များထံသို့ တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် စကားဝိုင်းအစီအစဉ်နှင့် တွေ့ဆုံဆွေးနွေးပွဲတို့တွင် အာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY Focal Points) များ၏ကိုယ်စား မြန်မာနိုင်ငံ (SOMY Focal Points) တစ်ဦးဖြစ်သော လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အစီအစဉ်သို့ တက်ရောက်ခဲ့ရခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အာဆီယံ လူငယ်ဆိုင်ရာ ကိုယ်စားလှယ်များ၏ ကိုယ်စား မြန်မာနိုင်ငံမှ လူငယ်ကိုယ်စားလှယ်(၁)ဦးက တက်ရောက်ခဲ့ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆွေးနွေးချက်များအား မှတ်တမ်းရရှိနိုင်ရေးအင်တာဗျူး အစီအစဉ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။


