အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ

ရန်ကုန် ၊အောက်တိုဘာလ ၁၄ ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံလမ်းညွှန်မှာကြားပြီးနောက် ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်ရှိ အားကစားကွင်း မီတာ(၄၀၀) မြေသားလမ်းပါဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း၍ အထူးအလေးထားဆောင်ရွက်ရန် ၊ စည်းကမ်းတကျနှင့် စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန် ၊ အချင်းချင်း အထက်အောက် အပြန်အလှန်လေးစားကြရန် ၊ မည်သည့်ကိစ္စမဆို မာန်မာန(Proud)ထား၍ လုပ်ဆောင်လျှင် အောင်မြင်မှုမရရှိနိုင်ဘဲ မိမိလုပ်သည့် အလုပ်ကို ဂုဏ်ယူ၍ (Pride)ရှိစွာ လုပ်ကိုင်ဆောင်ရွက်လျှင် အောင်မြင်မှုရရှိနိုင်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားကဏ္ဍတွင်သာမက လူငယ်ရေးရာကဏ္ဍတွေမှာပါ ဝိုင်းဝန်းကူညီပူး‌ပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းတည်ဆောက်ခြင်း၏ အဝင်မုဒ်ဦး၊ အုတ်တံတိုင်း၊ ခြံစည်းရိုး၊ (၁၃၀၀ပေ x ၇ပေ) နှင့် (၅၇၃၉ပေx၇ပေ) ကာရံခြင်း၊ မိုးလုံလေလုံ အားကစားရုံ(၁၂၀ပေx၉၀ပေ) တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီပြီး သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည် များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။